ဥရောပယူ-၁၇ ပြိုင်ပွဲတွင် အင်္ဂလန်ကိုအနိုင်ရပြီး စပိန်ဗိုလ်စွဲ

ဥရောပယူ-၁၇ ပြိုင်ပွဲတွင် အင်္ဂလန်ကိုအနိုင်ရပြီး စပိန်ဗိုလ်စွဲ

မေ ၂၀၊ ဗာရက်ဇ်ဒင်း။               ။ ခရိုအေးရှားနိုင်ငံ၊ ဗာရက်ဇ်ဒင်းမြို့တွင် ကျင်းပသော ဥရောပယူ-၁၇ ပြိုင်ပွဲဗိုလ်လုပွဲတွင် စပိန်အသင်းက အင်္ဂလန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရပြီး ယူ-၁၇ ဖလားကို တတိယအကြိမ်မြောက်အဖြစ် ဆွတ်ခူးသွားသည်။

ပွဲချိန်အတွင်းနှစ်သင်းစလုံးအပြန်အလှန်ရှိခဲ့ပြီး စပိန်အသင်းသည် နှစ်ကြိမ်တိုင်နောက်မှလိုက်ကစားကာ သရေကျခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်တွင် ၄-၁ ဂိုးဖြင့်အနိုင်ရခဲ့သည်။

အင်္ဂလန်အသင်း၏ ဦးဆောင်ဂိုးကို ချယ်လ်ဆီးလူငယ်ကစားသမား ဟတ်ဆန်အိုဒွိုင်းက တစ်ကိုယ်တော်အစွမ်းဖြင့်သွင်းယူပေး ခဲ့ပြီး ပထမပိုင်းပြီးခါနီးတွင် စပိန်အသင်းဘက်မှ ဘာစီလိုနာလူငယ် မတ်တီယူး မော်ရေးက ပြန်လည်ချေပခဲ့သည်။

မန်စီးတီးအသင်းမှ ဖီးလ်ဖိုဒန်က ပြင်းထန်အားပါသည့်အဝေးကန်ချက်ဖြင့် အင်္ဂလန်အတွက်ထပ်မံဦးဆောင်ခဲ့ပြန်သော်လည်း ထပ်ဆောင်းအချိန်ပို ခြောက်မိနစ်တွင် ဗီလာရီးယဲလ်လူငယ် နာချိုဒီယက်ဇ်က ပြန်လည်ချေပခဲ့၍ သရေကျခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရသည်။

ပင်နယ်တီတွင် စပိန်အသင်းဘက်က အားလုံးဝင်အောင်ကန်နိုင်ခဲ့သော်လည်း အင်္ဂလန်ဘက်မှ လီဗာပူးလ်လူငယ် ဘရူစတာနှင့် မန်စီးတီးလူငယ် လတ်တီဘျူဒီယာရီတို့ ဝင်အောင်ကန်သွင်းနိုင်ခြင်းမရှိ၍ စပိန်အသင်းက ဗိုလ်စွဲသွားခဲ့သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required