(၂၁)ရာစု ပင်လုံကို ကြိုဆိုသော ငြိမ်းချမ်းရေး ဘောလုံးပွဲနှင့် ဖျော်ဖြေပွဲ ကျင်းပမည်

(၂၁)ရာစု ပင်လုံကို ကြိုဆိုသော ငြိမ်းချမ်းရေး ဘောလုံးပွဲနှင့် ဖျော်ဖြေပွဲ ကျင်းပမည်

နေပြည်တော်၊ မေ ၁၉၊ ။            ။ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခဏခရိုင်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ဒုတိယ အကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစု ပင်လုံအစည်းအဝေးကို ကြိုဆို ထောက်ခံသောအားဖြင့် ငြိမ်းချမ်းရေးအထိမ်းအမှတ် ဘောလုံးပွဲနှင့် ဖျော်ဖြေပွဲ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီဝင် ဦးမင်းသူက ပြောသည်။

၎င်းငြိမ်းချမ်းရေး အထိမ်းအမှတ် ဘောလုံးပွဲနှင့် ဖျော်ဖြေပွဲကို လေ ၂၄ ရက် ၊ နေ့လည် သုံးနာရီမှ ညရှစ်နာရီထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ  ဘောလုံးပွဲတွင် ရုပ်ရှင်၊ သဘင်အနုပညာရှင်များ၊ ဂီတ၊ စာပေ၊ နိုင်ငံရေးနယ်ပယ်တွင် လှုပ်ရှားနေသူများ နှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော အသင်းခြောက်သင်းနှင့် အတူ ကျင်းပသွားမည်ဖြစ်သည်။

“အမုန်းများရပ်၊ ချစ်ကြပါ၊ ထာဝရ၊ ငြိမ်းချမ်းရေး၊ ဒါလေးသင်းဖြစ်တယ် နောက်တစ်ခါကျတော့ ထူးထူးခြားခြားလေးဖြစ်အောင် အမျိုးသမီးတွေလည်းပါနိုင်အောင် ကညာပျိုအသင်းကို လက်ရှိ ဘောလုံးကစားတဲ့ထဲက အငယ်တန်းလူတွေ ရုပ်ရှင်၊သဘင်၊ဂီတ ရှင်တွေ ကန်မယ့်လူတွေနဲ့ တွဲထားတယ်၊ ပျော်တော်ဆကအသင်း ဆိုပြီးတော့ လူရွှင်တော်များ အထူးသဖြင့် အသက်ကြီးပိုင်းဆိုင်ရာများကို ဦးစားပေးတဲ့ အသင်း စသဖြင့်ပေါ့လေ ဒါတွေကို အသင်းခြောက်သင်းခွဲထားပါတယ်” ဟု ဦးမင်းသူက မဇ္ဒျိမသို့ပြောသည်။

အဆိုတော် သီရိကိုကို၊ကော်နီ၊ ချစ်သုဝေ၊ သားငယ်၊ စော်လားထော်ဝါး မိုင်းမိုင်စန်း၊ Acid အဖွဲ့၊ ချမ်းအေးဝင်းဖွဲ့ အစရှိသည့် အဖွဲ့များနှင့် အတူ အဆိုတော် ၂၀ခန့်က ဖျော်ဖြေသွားမည်ဖြစ်သည်။

လာရောက်ကြည့်ရှုချင်သူများကို လက်ရှိတွင် လျာထားချက် အနေဖြင့်နေပြည်တော်ရှစ်မြို့နယ်တွင် ကြိုပို့ စီစဉ်ပေးရန် စီစဉ်ထားကြောင်းနှင့် လယ်ဝေးမြို့အရှေ့ဘက် တောင်ပေါ်ဒေသရှိ တိုင်းရင်းသားများ၏ ရိုးရာ အက၊အတီးအမှုတ်များဖြင့်လည်း ဖျော်ဖြေနိုင်ရန်စီစဉ်ထားကြောင်း မဇ္ဈိမ သို့ပြောသည်။

“အခုကတော့ အဲ့လို လျာထားပါတယ်၊ နေပြည်တော်ဆိုတာက အဓိကကတော့ ဇဗ္ဗူသီရိပေါ့၊ နေပြည်တော် ရှစ်မျိုးနယ်လုံးအတွက်ကို တတ်နိုင်တဲ့ တပ်ကုန်းတို့၊ လယ်ဝေးတို့ ဝေးတဲ့နေရာကအစ ကြိုပို့လုပ်ဖို့ရှိပါတယ်။ အဲ့မှာလည်း ထူးထူးခြားခြား လယ်ဝေးအရှေ့ဘက်ခြမ်းက ကယန်းတို့ တောင်ပေါ်ကရင်တို့ ပေါ့လေ။ နောက် ပအို့ဝ်တို့၊ တိုင်းရင်းသားတွေ နေတဲ့ ကျေးရွာကနေ သူတို့ရဲ့ ရိုးရာ အတီးအမှုတ်တွေနဲ့ လာရောက် အားပေးဖျော်ဖြေ ပေးနိုင်အောင် စီစဉ်ထားပါတယ်” ဟု နေပြည်တော်ကောင်စီဝင် ဦးမင်းသူက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly