အားကစားကလောင်ရှင်များက ပေးအပ်သော ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ကန်တီ လက်ခံရယူ

အားကစားကလောင်ရှင်များက ပေးအပ်သော ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ကန်တီ လက်ခံရယူ

မေ ၁၉၊ အင်္ဂလန် ။             ။ အားကစားကလောင်ရှင်များက ရွေးချယ်ပေးအပ်တဲ့ ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ချယ်လ်ဆီးကွင်းလယ်ကစားသမား ကန်တီက လက်ခံရယူခဲ့ပါတယ်။

ကန်တီဟာ အသင်းဖော် ဟက်ဇက်နဲ့ စပါးတိုက်စစ်ကစားသမား ဒယ်လီအလီတို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

အားကစားကလောင်ရှင်တွေက ရွေးချယ်ပေးအပ်တဲ့ ဒီဆုကို ရခဲ့တာကြောင့် ကန်တီဟာ ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ အားကစားကလောင်ရှင်များကပေးအပ်တဲ့ အကောင်းဆုံးဘောလုံးသမားဆု ၂ ဆုစလုံးကို ရယူနိုင်တဲ့ ၁၈ ယောက်မြောက်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

ဆုလက်ခံရယူပြီးနောက်မှာတော့ ကန်တီက အသင်းဖော်တွေကို ကျေးဇူးတင်စကားဆိုပါတယ်။ ‘ဒီဆုကို ရရှိတာက တကယ်ကို ဝမ်းသာဂုဏ်ယူစရာပါ။ ဒါပေမဲ့ ဒါက ကျွန်တော်တစ်ဦးတည်းကြောင့်ရတာ မဟုတ်ပါဘူး။ အသင်းဖော်တွေနဲ့အတူ အောင်မြင်မှုရယူနိုင်ခဲ့လို့ပါ။ သူတို့အပေါ်ကို အကြွေးတင်သွားပါပြီ။

လာမယ့်ရာသီကတော့ တကယ်ကိုစိန်ခေါ်မှုကြီးမားတဲ့ ရာသီဖြစ်လာမှာပါ။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်ရမှာဖြစ်သလို အက်ဖ်အေဖလားနဲ့လိဂ်ဖလားတွေကို ရရှိအောင်လည်း ကြိုးစားရပါမယ်။ ပြီးတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကလည်း ရှိနေပါသေးတယ်။ ဆုအားလုံးရအောင် ကြိုးစားသွားမှာပါ။ အားလုံးအတွက်တော့ စိန်ခေါ်မှုပါပဲ’ လို့ ကန်တီက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့တဲ့ ကန်တီဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် အဓိကနေရာကနေ ခြေစွမ်းပြခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ဖလားကို မတူညီတဲ့ အသင်းနှစ်သင်းနဲ့ ၂ နှစ်ဆက်တိုက်ရယူနိုင်တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

ကန်တီဟာ ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က အကောင်းဆုံးကစားသမားဆုအတွက် ရွေးချယ်ထားတဲ့ ဆန်ခါတင် ၈ ဦးစာရင်းမှာလည်း ပါဝင်နေပြီး အဲ့ဒီဆုကို ရရှိဖို့လည်း   ရေပန်းစားလျက်ရှိနေပါတယ်။

ကန်တီဟာ ဒီရာသီမှာ ဘောလုံးဖျက်ထုတ်မှုပေါင်း ၁၂၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အောင်မြင်တဲ့ဘောလုံးပေးပို့မှုပေါင်း ၂၀၆၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

အားကစားကလောင်ရှင်များအဖွဲ့ချုပ်မှာ အဖွဲ့ဝင်ပေါင်း ၃၄၀ ကျော်ရှိပြီး ကန်တီဟာ မဲရာခိုင်နှုန်း ၆၅ ရာခိုင်နှုန်းကျော် ရရှိခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly