မော်ရင်ဟို၏ ပရီးမီးယားလိဂ်အပေါ်ဝေဖန်မှုကို ပဲလေ့စ်နည်းပြ ဆမ်အလာဒွိုက်စ် ထောက်ခံ

မော်ရင်ဟို၏ ပရီးမီးယားလိဂ်အပေါ်ဝေဖန်မှုကို ပဲလေ့စ်နည်းပြ ဆမ်အလာဒွိုက်စ် ထောက်ခံ

မေ ၁၉၊ အင်္ဂလန် ။              ။ အင်္ဂလိပ်ကလပ်အသင်းများ ဥရောပတွင် အောင်မြင်မှုရရှိရန် ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ကူညီပေးခြင်းမရှိဘူးဟု ဝေဖန်ပြောဆိုခဲ့သည့် မန်ယူနည်းပြမော်ရင်ဟို၏   ဝေဖန်မှုကို ပြိုင်ဘက်ပဲလေ့စ်အသင်းနည်းပြ ဆမ်အလာဒွိုက်စ်က ထောက်ခံ ပြောဆိုလိုက်သည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထို့နောက် သုံးရက်အကြာတွင် အေဂျက်ဇ်အသင်းနှင့်ယူရိုပါလိဂ်ဗိုလ်လုပွဲကို ကစားရမည် ဖြစ်သည်။

လက်ရှိတွင် မန်ယူအသင်းမှာ ပရီးမီးယားလိဂ်အဆင့်ခြောက်တွင်ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးကြီးခြင်းမရှိတော့သလို ပဲလေ့စ်အသင်းကလည်း တန်းဆင်းဇုန်မှ လွတ်သွားပြီဖြစ်သည်။

မော်ရင်ဟိုက ပဲလေ့စ်နှင့်ပွဲကို ရှေ့တစ်ရက်တိုးပေးရန် တောင်းဆိုလိုသော်လည်း တောင်းဆိုခဲ့လျှင်လည်း ပယ်ချခံရမည်ကို သိသည့်အတွက် တောင်းဆိုခြင်းမပြုလုပ်ခဲ့ပေ။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပဲလေ့စ်နည်းပြဆမ်အလာဒွိုက်စ်ကလည်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏လုပ်ရပ်မှာ ရှက်ဖွယ်ဖြစ်ကြောင်း ဆိုသည်။

'သူတို့အနေနဲ့ပွဲစဉ်အချိန်ကို ပြောင်းလဲချင်တယ်ဆိုရင် အရမ်းလွယ်ကူပါတယ်။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ရဲ့လုပ်ရပ်က တကယ်ကို ရှက်စရာကောင်းပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ အခြားတိုင်းပြည်တွေလို မဟုတ်ပါဘူး။ အခြားတိုင်းပြည်တွေကတော့ သူတို့အသင်းတွေဥရောပမှာ အောင်မြင်မှုရရှိဖို့ ကူညီပေးကြပါတယ်' ဟု အလာဒွိုက်စ်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly