ဂျပန်ဘုရင်၏ ထီးနန်းစွန့်မည့်အစီအစဉ်ကို ခွင့်ပြုနိုင်မည့် ဥပဒေကြမ်း အစိုးရ သဘောတူလက်မှတ်ရေးထိုး

ဂျပန်ဘုရင်၏ ထီးနန်းစွန့်မည့်အစီအစဉ်ကို ခွင့်ပြုနိုင်မည့် ဥပဒေကြမ်း အစိုးရ သဘောတူလက်မှတ်ရေးထိုး

မေ ၁၉ ။                  ။ သက်တော် ၈၃ နှစ်ရှိပြီ ဖြစ်သည့် ဂျပန်ဘုရင် အာကီဟီတို၏ ထီးနန်းစွန့်မည့် အစီအစဉ်အပေါ် ခွင့်ပြုပေးနိုင်မည့် ဥပဒေကြမ်းတစ်ရပ်ကို မေလ ၁၉ ရက်က အစိုးရက အတည်ပြုလက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။

ဘုရင် အာကီဟီတိုမှာ သက်တော်ကြီးရင့်လာသည်နှင့်အမျှ လက်ရှိအချိန်တွင် ကျန်းမာရေးချို့ယွင်းလာသည့်အခြေအနေကြောင့် ထီးနန်းစွန့်လိုသည်ဆိုသည့် အရိပ်အမြွက်ပြောစကားများကို ပြီးခဲ့သည့် ဇူလိုင်လလောက်က ထုတ်ဖော်ပြောဆိုထားခဲ့ရာ ပြည်သူများအံ့အားသင့်ခဲ့ကြရသည်။ ၎င်းမှာ သားတော် အိမ်ရှေ့စံမင်းသား နာရူဟီတို ကို ထီးနန်းအရိုက်အရာ လွှဲပြောင်းပေးအပ်ဖို့ ဆန္ဒရှိနေခြင်းလည်း   ဖြစ်သည်။

သို့သော် နိုင်ငံတွင် ဘုရင်မင်းဆက် ထီးနန်းစွန့်ခြင်းနှင့်ပတ်သက်၍ မည့်သည့် ဥပဒေပြဌာန်းချက်မှ ရှိမနေခြင်းကြောင့် ယခုလို နိုင်ငံရေးသမားများက လိုအပ်သည့် ပြဌာန်းချက်တစ်ခု ရေးဆွဲပြဌာန်း   ပေးရမည်ဖြစ်သည်။

ယခုအခါ ဘုရင် အာကီဟီတို၏ ထီးနန်းစွန့်မည့်အစီအစဉ်ကို ခွင့်ပြုပေးနိုင်မည့် ဥပဒေတစ်ရပ်ကို အစိုးရအဖွဲ့က အတည်ပြုလက်မှတ်ရေးထိုးပေးလိုက်ပြီ ဖြစ်ပြီး နောက်ဆုံးအတည်ပြု ပြဌာန်းနိုင်ရန် အတွက် လွှတ်တော်သို့ ပေးပို့သွားမည်ဖြစ်သည်။

အကယ်၍ ဂျပန်ပါလီမန်အတွင်း ယင်းမူကြမ်းကို ဆွေးနွေးအတည်ပြုပြဌာန်းနိုင်မည်ဆိုပါက နှစ်ပေါင်း ၂၀၀ အတွင်း ဂျပန်မင်းဆက်တစ်ခု၏ ပထမဆုံးသော ထီးနန်းစွန့်မှု ဖြစ်စဉ်ပေါ်ပေါက်လာတော့မည်   ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly