သာ/ယဉ်ဝန်ကြီးကို ဆန္ဒပြရန် လူအင်အား ၃၀၀၀ခန့် ချီတက်လာ၊ အာဏာပိုင်များက ၃၀၀ဦးသာ ခွင့်ပြုမည်

သာ/ယဉ်ဝန်ကြီးကို ဆန္ဒပြရန် လူအင်အား ၃၀၀၀ခန့် ချီတက်လာ၊ အာဏာပိုင်များက ၃၀၀ဦးသာ ခွင့်ပြုမည်
ဥတ္တရသီရိခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ ထုတ်ပြန်ချက်

နေပြည်တော်(မေလ ၁၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ဆန္ဒပြရန် လူဦးရေ ၃၀၀ဦးသာ ခွင့်ပြုမည်ဟု အာဏာပိုင်များက ထုတ်ပြန်ထားသော်လည်း လက်ရှိတွင် သံဃာနှင့်လူဦးရေ ၃၀၀၀ခန့် နေပြည်တော်သို့ ချီတက်လာနေသည်ဟု ဆန္ဒပြပွဲစီစဉ်သူတစ်ဦးဖြစ်သည့် ဦးတင့်လွင်က မေ ၁၉ရက်၊ မွန်းလွဲ ၁၂နာရီ၊ ၃၀မိနစ်တွင် မဇ္ဈိမကို ပြောသည်။

“အစိုးရက ထုတ်ပြန်တဲ့ လူ ၃၀၀ ဆိုတာကို ကျွန်တော်တို့ လက်မခံဘူး” ဟု ဦးတင့်လွင်က ပြောသည်။

“ဗုဒ္ဓဘာသာနှင့် သံဃာတော်များကို ဖိနှိပ်မှု” ကြောင့်ဟုဆိုကာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးအား ကရင်၊ မွန်ပြည်နယ်များနှင့် ရန်ကုန်၊ ဧရာဝတီ၊ မန္တလေးတိုင်းတို့မှ လူပုဂ္ဂိုလ်နှင့် သံဃာအင်အား ၃၀၀၀၀ ခန့်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာဘောလုံးကွင်းအတွင်း မေလ ၂၀ရက်တွင် လာရောက်ဆန္ဒပြကြမည်ဟု မြန်မာဗုဒ္ဓဘာသာ နိုးကြားရေးအသင်းမှ ဦးကျော်မျိုးသက်ဆိုသူက ခွင့်ပြုမိန့် တောင်းခံခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ယမန်နေ့က နှစ်ဘက်ညှိနှိုင်းရာတွင် “စုဝေးမည့် အင်အားကို ၃၀၀ဦးခန့်ဖြင့် ဆောင်ရွက်ရန် ညှိနှိုင်းခဲ့သော်လည်း ဦးကျော်မျိုးသက်နှင့်အဖွဲ့က အင်အား ၁၅၀၀၀ ခန့် စုဝေးခွင့်ပြုရန် တောင်းဆိုပြီး ၎င်းတို့က ဆက်လက်ဆွေးနွေးညှိနှိုင်းခြင်း မပြုသဖြင့် စုဝေးမည့် လူအင်အားနှင့် စပ်လျဉ်း၍ နှစ်ဖက် သဘောတူညီမှု မရခဲ့ပါ” ဟု ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူးရုံးက သတင်းထုတ်ပြန်ထားသည်။

နေပြည်တော်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အများပြည်သူတည်ငြိမ်အေးချမ်းရေးတို့အတွက် ဒေသဆိုင်ရာ လိုအပ်ချက်များကို အခြေခံ၍ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟုလည်း ဥတ္တရသီရိမြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆန္ဒပြရန် ချီတက်လာသူများသည် မတ်လ ၂၀ရက် နံနက်ပိုင်း နေပြည်တော်သို့ ဝင်ရောက်ရန် စီစဉ်ထားပြီး “ဝင်ခွင့်မပြုရင်တော့ မပြုတဲ့နေရာမှာ ငါတို့ လုပ်သင့်တဲ့အတိုင်း ဆက်လုပ်သွားမယ်” ဟု ဦးတင့်လွင်က ဆိုသည်။

၂နာရီထက် မပိုဘဲ ဆန္ဒပြရန်နှင့် ဝင်ရောက်မည့် လမ်းကြောင်း၊ အသုံးပြုမည့် ပိုစတာ၊ ဆိုင်းဘုတ်နှင့် ကြွေးကြော်သံစာသားများကိုမူ နှစ်ဖက် သဘောတူညီမှု ရရှိခဲ့သည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ထားသေးသည်။

“သာ/ယဉ်ဝန်ကြီး ရာထူးမှ နှုတ်ထွက်ပေးရေး” ၊ “သာသနာတော်ကို ထိပါးသူ သာသနာ့ရန်သူ- ဒို့ရန်သူ” ၊ “ဝိနိစ္ဆရရေးရာ စွက်ဖက်သည့် ဝန်ကြီး အလိုမရှိ” ၊ “အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး” စသဖြင့် ကြွေးကြော်ကြမည်ဟု ဆန္ဒပြပွဲ ခွင့်ပြုမိန့် တောင်းခံလွှာတွင် ဖော်ပြထားသည်။

ဆန္ဒပြပွဲတွင် အမျိုးသားလွှတ်တော်အမတ်ဟောင်း ဦးလှဆွေအပါအဝင် ဥုးဇန္ဒိတ၊ ဦးအေးမင်းထွန်းနှင့် ဦးအေးပိုင်တို့က ဟောပြောရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly