နာယကကြီးဦးတင်ဦး၏ ကျန်းမာရေး ၃ ရက်ခန့် စောင့်ကြည့်ရန်လို

နာယကကြီးဦးတင်ဦး၏ ကျန်းမာရေး ၃ ရက်ခန့် စောင့်ကြည့်ရန်လို

မေလ ၁၈ ရက်။             ။ NLD နာယက ဦးတင်ဦး၏ အခြေအနေအား စိတ်ချရသောအခြေအနေ ရောက်ရှိရန် ၃ ရက်ခန့် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီး၏   ဆေးရုံအုပ်ဒေါက်တာဦးအေးကိုက မဇ္ဈိမသို့ ပြောသည်။

ဆေးစစ်ဆေးမှုအဖြေအရ ဦးတင်ဦးဟာ ဦးနှောက်သွေးခဲနေပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရကာ အသက်အရွယ်ကြီးရင့်မှုကြောင့် ပိုစိုးရိမ်ရကြောင်း သိရသည်။

"ပထမဆုံးအချက်က အသက်က အရမ်းကြီးတယ် ။ ၉၁နှစ် ။ နောက် သူ့ရဲ့ တခြားရောဂါအခံတွေ သွေးတိုးတို့၊ နှလုံးရောဂါတို့လည်း ရှိတယ်ဆိုတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့   ပြောလို့ရတယ်"ဟု ဆေးရုံအုပ် ဒေါက်တာဦးအေးကိုက ပြောသည်။

သူရဦးတင်ဦးကို ကုသရာမှာ ကော်မတီဖွဲ့၍ စောင့်ကြည့်ကုသနေပြီး အဆိုပါကော်မတီဖွဲ့ကုသမှုသည်  လူအခြေအနေနှင့် ထူးဆန်းသောရောဂါအခြေအနေများပေါ် မူတည်ပြီး ကုသပေးခြင်းဖြစ်ကာ အခြားသူများပါ ကုသပေးကြောင်း သိရသည်။

NLDနာယက သူရဦးတင်ဦးသည် သူ၏နေအိမ်၌ ယမန်နေ့ညတွင် ရေချိုးခန်း၌ ချော်လဲကာ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောဌာနကို ပို့ဆောင်ခဲ့ရသည်။ ထို့နောက် MRI ရိုက်ကာ အထူးကြပ်မတ်ကုသဌာနသို့ ပြောင်းရွှေ့ခဲ့ပြီး မေလ ၁၈ ရက်နံနက်ပိုင်းက သတိလစ်နေရာမှ ပြန်လည်သတိရလာကြောင်း သိရသည်။

ဦးတင်ဦးကုသမှု ခံယူနေစဉ် ဆရာတော် အရှင်ဆေကိန္ဒ နှင့် ဥူးသုစိန္တတို့ ကြွရောက်ကြည့်ရှုခဲ့ကြကြောင်း တွေ့ရှိရသည်။

ဦးတင်ဦးကို ကြွရောက် ပရိတ်ရွတ်ဖတ်ပေးခဲ့တဲ့ ဥူးသုစိန္တကတော့ "အထဲမဝင်ရဘူး ။ အပြင်ကပဲ မေတ္တာပို့ပြီးတော့ ဘောဇင်သုတ် ရွတ်တယ်"ဟု မိန့်ကြားသည်။

ယနေ့ မေလ ၁၈ ညနေ ၃နာရီတွင် ဦးတင်ဦး ကျန်းမာရေးအတွက်  ရွှေတိဂုံစေတီတော်၊ စနေထောင့်မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် NLD ပါတီဝင်များ ဆုတောင်းခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required