Sony World Photography Award (Myanmar National Award) ဆုရှင် ကိုကျော်ဝင်းလှိုင်နှင့်တွေ့ဆုံခြင်း အပိုင်း ၁

Sony World Photography Award (Myanmar National Award) ဆုရှင် ကိုကျော်ဝင်းလှိုင်နှင့်တွေ့ဆုံခြင်း အပိုင်း ၁

မဇ္ဈိမ TV ကို ကြည့်ရှုနေကြတဲ့ ပရိသတ်များအားလုံး မင်္ဂလာပါခင်ဗျာ။ လူတိုင်းလူတိုင်းဟာ ကိုယ်ရဲ့ အလုပ်အကိုင်နယ်ပယ်တစ်ခုမှာ ကြိုးစားလုပ်ကိုင်ကြပါတယ်။ အဲဒီ နယ်ပယ်ကနေ ကိုယ့်အတွက် ကိုယ့်ပတ်ဝန်းကျင်အတွက် ကိုယ့်နိုင်ငံအတွက် အဆင့်ဆင့်ကြိုးစားကြပါတယ်။ အဲဒီကနေ ကမ္ဘာကနေ မြန်မာကိုသိစေတယ်ဆိုတာကတော့ အရမ်းကိုဝမ်းသာစရာကိစ္စတစ်ခုပါပဲ။ အခု မြန်မာကို ကမ္ဘာကသိစေတဲ့သူ နောက်တစ်ယောက် ပေါ်ထွက်လာပြန်ပြီဖြစ်ပါတယ်။ သူကတော့ ပြီးခဲ့တဲ့ ဧပြီလတုန်းက လန်ဒန်မှာပြုလုပ်တဲ့ Sony World Photography Award ဆုကို ရရှိခဲ့သူ ကိုကျော်ဝင်းလှိုင်ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၈၂နိုင်ငံ ပြိုင်ပွဲဝင်ဓါတ်ပုံပေါင်း တစ်သိန်းကျော်ထဲက ကရင်ပြည်နယ် ဆဒ္ဒန်လိုဏ်ဂူမှာ ကရင်မိန်းမပျိုလေး ဘုရားဝတ်ပြုတဲ့ပုံနဲ့ ရရှိခဲ့တာလည်းဖြစ်ပါတယ်။ အခုဆိုရင် ကိုကျော်ဝင်းလှိုင်နဲ့ တွေ့ဆုံပြီး ဆုရရှိပုံတွေ ပြိုင်ပွဲအကြောင်းတွေနဲ့ ဓါတ်ပုံလောကထဲက အကြောင်းတွေကို တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်။

ကိုကျော်ဝင်းလှိုင် မင်္ဂလာပါခင်ဗျာ။ ပထမဆုံးအနေနဲ့ အစ်ကို့အနေနဲ့ ဒီ Sony World Photography ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ပုံလေး သိချင်ပါတယ်ဗျ။

ဟုတ်ကဲ့ဗျ။ ဒီ Sony World Photography ပြိုင်ပွဲဟာဆိုရင် ဒီနှစ်ဟာ Sony ရဲ့ ဆယ်နှစ်မြောက်ဖြစ်ပါတယ်။ ကျွန်တော်ဒီပွဲလေးကို ပြိုင်ဖြစ်တာက ဒုတိယအကြိမ်ပေါ့။ ပြီးခဲ့တဲ့နှစ်ကလည်း ဝင်ပြိုင်ဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဆုမရခဲ့ဘူး။ ဒီနှစ်မှာတော့ ဒုတိယအကြိမ် ဝင်ရောက်ယှဉ်ပြိုင်တယ်။ ပြိုင်တဲ့အခါမှာ Myanmar National Award Winner ဆုကို ရရှိခဲ့ပါတယ်ခင်ဗျ။

ဒုတိယမေးခွန်းအနေနဲ့ကတော့ ဒီပြိုင်ပွဲကနေ ဆုဘယ်နှစ်ဆုပေးပြီးတော့ အစ်ကိုရရှိတဲ့ ဓါတ်ပုံလေး အကြောင်းကို ပြောပြပေးပါဦး။

ဒီပြိုင်ပွဲက ကျွန်တော့်ဆီကို ပေးပို့တဲ့ Mail အရ နိုင်ငံပေါင်း ၁၈၂ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ပုံပေါင်း ၁၀၅၆၉၂ ပုံ ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ အဲဒီထဲကနေမှ နိုင်ငံအလိုက်ပေးတဲ့ဆု နိုင်ငံပေါင်း ၃၈နိုင်ငံကို နိုင်ငံအလိုက်ဆုတွေပေးပါတယ်။ နိုင်ငံအလိုက်ဆုမှာမှ First၊ Second၊  Third ဆိုပြီး သတ်မှတ်ထားပါတယ်။ အဲဒီဆုမှာမှ ကျွန်တော်က ပထမဆု ရရှိတာဖြစ်ပါတယ်ခင်ဗျ။

ဟုတ်ကဲ့ပါ။ ဒီ Sony World Photography ပြိုင်ပွဲမှာ ဒီဓာတ်ပုံလေးနဲ့ဆုရတယ်ဆိုတော့ ဒီဓာတ်ပုံလေးကို ရိုက်ဖြစ်တဲ့ စိတ်ကူးလေးကို သိချင်ပါတယ်ဗျ။

ဒီဓာတ်ပုံလေးကိုရိုက်ဖြစ်တဲ့ စိတ်ကူးလေးကတော့ ကျွန်တော်ရဲ့ ဒီ KWH Photography Workshop လို့ခေါ်တဲ့ ကျွန်တော်ရဲ့ ကိုယ်ပိုင်သင်တန်းကျောင်းလေးမှာ သင်တန်းသားတွေနဲ့အတူ ဒီနေရာလေးကို သွားရောက်ရိုက်ကူးဖို့ ကျွန်တော်တို့ ပြင်ဆင်ခဲ့တယ်။ ပြင်ဆင်ခဲ့တဲ့အခါမှာ ဒီဓာတ်ပုံလေးကို မရိုက်ခင်ပေါ့။ မဖန်တီးဖြစ်ခင် ရှေ့နှစ်နှစ်လောက်မှာလည်း ဒီနေရာလေးကို ကျွန်တော်ရိုက်ဖူးခဲ့ပါတယ်။ ရိုက်လည်းရိုက်ဖြစ်ခဲ့ပါတယ်။ ရိုက်ဖြစ်ခဲ့တဲ့ ရိုက်ဖူးခဲ့တဲ့ အတွေ့အကြုံတွေမှာ မူတည်ပြီးတော့ ငါ တတိယတစ်ကြိမ်ရိုက်တဲ့အခါမှာ အဲဒီပုံတွေနဲ့မတူအောင် အယူအဆတွေမတူအောင် ဘာတွေကြိုပြင်ဆင်မလဲပေါ့။ အဲဒီမှာ ပထမဆုံးပြင်ဆင်မိတာကတော့ ဒီထဲမှာပါဝင်တဲ့ ဒီကရင်မိန်းမပျို မိန်းကလေးရဲ့ ဝတ်ထားတဲ့ အဝတ်အစားအရောင် ဒါလေးကို ကြိုတင်စဉ်းစားခဲ့တယ်။ ရှေ့အကြိမ်တွေတုန်းကတော့ ကျွန်တော် အနီရောင်လေးကို ရွေးချယ်ခဲ့ပါတယ်။ ဒီမှာတော့ စိတ်ကူးလေးလည်းပြောင်းသွားအောင် အရောင်ရဲ့ သဘောတရားလေးတွေလည်းပါဝင်သွားအောင် ကျွန်တော် အင်္ကျီအရောင်ကို ကြိုတင်ပြီးပြင်ဆင်ခဲ့ပါတယ်။ ပြီးတော့ ရှေ့မှာတွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေအရ ကျွန်တော်တို့ရိုက်ကူးခဲ့တဲ့အခါမှာ ဒီ ဆဒ္ဒန်လိုဏ်ဂူတော်လို့ခေါ်တဲ့ ဒီလိုဏ်ဂူရဲ့ ဂူပေါက်ကနေ ဝင်လာတဲ့အလင်းက အလင်းအားနည်းတယ်။ အလင်းအားနည်းတဲ့အခါ ဒီကျောက်စက်ပန်းဆွဲလေးတွေရဲ့ အနုစိတ်ပေါ်လွင်ဖို့အတွက် ဒီဖယောင်းတိုင် Candle Light လေးတွေရဲ့ အကူအညီကို များစွာယူခဲ့ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အယူအဆအရလည်း ဆီမီးပူဇော်တယ်ဆိုတဲ့ အယူအဆလေးတွေရှိတဲ့အတွက် အရောင်လေးနဲ့လည်းပိုလိုက်ဖက်မယ်လို့လည်း ထင်တဲ့အတွက် ဘုရားဆင်းတုတော်ရဲ့ အနေအထားလေးတစ်ခုလည်း ပေါ်လွင်အောင် ကျွန်တော်လိုချင်တဲ့ ကျောက်စက်ပန်းဆွဲတွေရဲ့ အနုစိတ်လည်းပေါ်လွင်အောင် ဒီ Candle Light လေးကို ကျွန်တော်ကြိုပြင်ဆင်ခဲ့တယ်။ ရိုက်ကူးခဲ့တဲ့ အချိန်မှာ အခက်အခဲလေးတွေတော့ရှိခဲ့ပါတယ်။ အဲဒီအခက်အခဲလေးတွေကတော့ ဒီဘုရားရဲ့ ထိုင်ကိုယ်တော်ကို ထွန်းထားတဲ့ Disco Light ပေါ့ ဒီအလင်းရောင်က တိုင်ပင်လေးနဲ့ အနီရောင်ဖြစ်သွားလိုက် အပြာရောင်ဖြစ်သွားလိုက် ခရမ်းဖြစ်သွားလိုက် အဲဒီလိုအရောင်တွေပြောင်းနေတဲ့အခါမှာ ကျွန်တော် လိုချင်တာက ကာလာရဲ့ Composition အရ အဝါနဲ့အပြာ Color Combination လေးကို အတွဲဆက်ပြချင်တဲ့အခါမှာ ဒီရင်ဘတ်တော်တို့ ကိုယ်လုံးတော်တို့ကို ထိုးထားတဲ့ အလင်းကို အဝါရောင်ဖြစ်တဲ့ တိုင်ပင်ကို ကျွန်တော်လိုချင်တယ်။ အဲဒီလိုလိုချင်တော့ ဒီတိုင်ပင်လေးကို ကျွန်တော်စောင့်ရိုက်ရတယ်။ စောင့်ရိုက်ရတဲ့အခါမှာ ရိုက်ကူးလိုက်တဲ့အချိန်မှာ ဒီအရောင်ကိုတော့ရတယ်။ နောက်ထပ် အခက်အခဲကဘာလဲဆိုတော့ ဒီဖယောင်းတိုင်ရဲ့ Candle Light ရယ် အဝါပေါ့ သူ့ရဲ့ဆန့်ကျင်ဘက် အပြာကို စဉ်းစားတဲ့အခါမှာ မီးခိုးကနေထွက်လာတဲ့ ဒီမီးခိုးအပြာလေးက ဒီဓာတ်ပုံမှာ အထောက်အပံ့ဖြစ်ဖို့ ကျွန်တော်အသုံးချခဲ့တယ်။ အသုံးချတဲ့အခါ ရိုက်နေရင်းနဲ့ပဲ မီးရဲ့တိုင်ပင်ရပြီဆိုရင် ဒီအမွှေးတိုင်ရဲ့ မီးခိုးတွေက ကျွန်တော်လိုချင်တဲ့ Position မရောက်တာတို့ ဒီလိုအခက်အခဲလေးတွေရှိခဲ့ပါတယ်။ နောက်တစ်ခု အခက်အခဲက ကျွန်တော်တို့ ကင်မရာရဲ့ နည်းစနစ်အရ Shutter Speed ကို Slow ပေါ့။ အချိန်ကြာကြာပေးပြီး ရိုက်ရတာဖြစ်တဲ့အတွက် ဒီမတ်တပ်ရပ်နေတဲ့ ညီမငယ်က လှုပ်တယ်ပေါ့။ နည်းနည်းလေးလှုပ်တဲ့အခါမှာ သူ့ရဲ့ ဧရိယာမှာ Focus က ပြဒါးဖြစ်သွားတာတွေရှိတယ်။ အဲဒီအခက်အခဲလေးတွေ နောက်တိုင်ပင်သုံးခုကို ညှိပြီးရိုက်ရတဲ့အခါမှာ ဒီပုံနဲ့ပတ်သက်ပြီးတော့ အခက်အခဲလေးတစ်ချို့တော့ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံး ရလာတဲ့ ပုံပေါင်း ၃၀ကျော်ထဲကနေမှ ကျွန်တော်တို့ ဒီဖွဲ့စည်းပုံလေးနဲ့ နောက်ဆုံးရလာတဲ့ Result တစ်ခုကတော့ ကျွန်တော့်စိတ်ကြိုက် ကျေနပ်တဲ့ ပုံလေးတစ်ပုံဖြစ်ခဲ့ပါတယ်ဗျ။

နောက်တစ်ခုသိချင်တာကတော့ ဒီနေရာဟာဆိုရင်လည်း မြန်မာနိုင်ငံရဲ့ အလှအပတစ်ခုပဲ။ နောက်ထပ်လည်း မြန်မာနိုင်ငံရဲ့ လှပတဲ့နေရာတွေအများကြီးရှိတယ်။ အဲဒီနေရာတွေထဲကမှ ဒီနေရာလေးကို ရွေးဖြစ်ပုံကရော။

ဒီနေရာလေးကတော့ ကျွန်တော်တို့ Landscape Photographer တစ်ဦးအနေနဲ့ရော ဒီ Travel ခရီးသွား ဓာတ်ပုံသမားတစ်ဦးအနေနဲ့ရော အင်မတန်လူကြိုက်များပြီးတော့ လူစိတ်ဝင်စားခဲ့တဲ့ နေရာလေးတစ်ခု ဖြစ်တဲ့အတွက်ကြောင့် ပထမတစ်ချက်အနေနဲ့ ရွေးချယ်ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ကျွန်တော်တို့ Training လုပ်တဲ့အခါမှာ ဒီလိုအလင်းရောင်အားနည်းနေတဲ့ အချိန်မျိုးမှာ ကျွန်တော်တို့ရဲ့ စာတွေ့၊ လက်တွေ့တွေ ဘယ်လိုလုပ်မလဲဆိုတဲ့ အနေအထားတစ်ခုက အကောင်းဆုံး Location လေးဖြစ်ခဲ့တဲ့အတွက် ကျွန်တော်ဒီနေရာလေးကို ရွေးချယ်ဖြစ်ခဲ့တာပါ။

နောက်တစ်ခုက Sony World Photography ဆုက ပြီးခဲ့တဲ့ ဧပြီလ ၂၀ရက်နေ့က ဆုပေးပွဲလုပ်တယ်။ အစ်ကိုတို့ Winner ဆုရှင်အဖြစ် သိတာကတော့ ဖေဖော်ဝါရီလတည်းကဆိုတော့   နှစ်လလောက်ကွာတယ်ဆိုတော့ရော အဲဒီအချိန်မှာ ခံစားရတဲ့ ခံစားမှုတွေက ဘာတွေဖြစ်မလဲဗျ။

ဒီပွဲလေးက Sony က ဆယ်ကြိမ်မြောက်လုပ်တဲ့ အထိမ်းအမှတ်လုပ်တဲ့ ပွဲလေးဖြစ်တဲ့အတွက် ထူးထူးခြားခြားအစီအစဉ်တွေနဲ့ ကျွန်တော်တို့ဒီနှစ်မှာ ဒီ International Photo Contest ပြိုင်ပွဲမှာပေါ့ နိုင်ငံအလိုက်ဆုရတဲ့ Photographer တွေအားလုံး First Winner ရတဲ့သူတွေအားလုံးကိုဖိတ်တယ်။ Category အလိုက် Winner ရတဲ့ Photographer တွေလည်း ဖိတ်တယ်ပေါ့။ ဖိတ်တဲ့အခါကျတော့ ပွဲကအရမ်းကြီးကျယ် ခမ်းနားလွန်းတယ်။ အဲဒီလိုပွဲအခမ်းအနားကြီးမှာ ကိုယ်က ပါဝင်တက်ရောက်ခွင့်ရတယ်။ နောက်ဆုပေးပွဲအခမ်းအနားကြီးမှာ   မြန်မာလို့   ကြေညာလိုက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို အရမ်းကို ဂုဏ်ယူမိတယ်။ ကိုယ်သည် မြန်မာနိုင်ငံမှာရှိနေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ပေါ့။ ဒီဆုကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် လက်ခံရတဲ့အချိန်မှာလည်း အရမ်းလည်းပျော်တယ်။ အရမ်းလည်း ပီတိဖြစ်ပါတယ်ခင်ဗျ။

နောက်တစ်ခုက အစ်ကိုအနေနဲ့ Sony World Photography ဓာတ်ပုံပြိုင်ပွဲကို ဓာတ်ပုံတွေပို့ဖို့အတွက် ဘယ်အချိန်လောက်တည်းက ကြိုတင်ပြင်ဆင်ခဲ့ရလဲ သိချင်ပါတယ်။

ကျွန်တော်တို့ ပြိုင်ပွဲဝင်ပုံတွေကတော့ ဇန်နဝါရီပေါ့။ ဇန်နဝါရီ ၅ ရက်နေ့မှာ Last Date ပေါ့။ ပြိုင်ပွဲခေါ်တာကတော့ ၂၀၁၆ နှစ်စပိုင်းတည်းက စခေါ်တာပေါ့။ ဇန်နဝါရီ ၅ ရက်နေ့မှာ Last Date ပိတ်တယ်။ ကျွန်တော်တို့ပြိုင်ပွဲဝင်တွေရဲ့ ပုံတွေကို တင်တဲ့အခါမှာလည်း သူတို့ရဲ့ Website တွေမှာ တင်ရပါတယ်။ အဲဒီလိုတင်တဲ့အခါ Free လို့ခေါ်တဲ့ ဝင်ကြေးမပေးရဘဲ တင်လို့ရတာက တစ်ဦးကို သုံးပုံတင်လို့ရပါတယ်။ အဲဒီကမှတစ်ဆင့် ကိုယ့်က ကိုယ့်ဆီမှာပုံတွေနောက်ထပ်ထပ်ရှိသေးလို့ ဒီ ကဏ္ဍတွေကို ဝင်ရောက်ယှဉ်ပြိုင်ချင်တယ်ဆိုရင် သူတို့ရဲ့သတ်မှတ်ထားတဲ့ Bandal တွေ ဝယ်လို့ရပါတယ်။ ကျွန်တော်ကတော့ ဒီဒုတိယအကြိမ်ပြိုင်တဲ့ပွဲမှာ Bandal တွေ ဝယ်ပြီး ပြိုင်ခဲ့ပါတယ်။ Bandal ဝယ်တဲ့အချိန်မှာ ကျွန်တော်နောက်ထပ် ပုံ၂၀ ထပ်ပြီးတော့ ယှဉ်ပြိုင်ခွင့်ရခဲ့တယ်။ စုစုပေါင်း ၂၂ပုံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

နောက်တစ်ခုက ဒီ Sony World Photography ပြိုင်ပွဲကို အစ်ကို့အနေနဲ့ ပထမအကြိမ်လည်း ဝင်ရောက်ယှဉ်ပြိုင်ဖူးတယ်ဆိုတော့ အဲဒီ ပထမအကြိမ်ဝင်ရောက်ယှဉ်ပြိုင်တုန်းက ရတဲ့ အတွေ့အကြုံတွေ သိလိုက်ရတဲ့ အရာတွေဆို ဘာတွေဖြစ်မလဲဗျ။

အများကြီးရခဲ့ပါတယ်ဗျ။ ကျွန်တော် ပထမတစ်ကြိမ်တုန်းကတော့ ကြိုတင်ပြင်ဆင်မှုအချိန်လည်းနည်းခဲ့တယ်။ အဲဒီနည်းခဲ့တဲ့ ကိုယ့်ရဲ့အချိန် အခက်အခဲတွေကို ဒုတိယတစ်ကြိမ်ပြိုင်တဲ့အခါမှာ ကျွန်တော် ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ခဲ့တယ်။ ဘယ်လိုပြင်ဆင်သလဲဆိုတော့ ဒီပြိုင်ပွဲကို ဝင်ပြိုင်တဲ့အခါမှာ ကျွန်တော်တို့ ယှဉ်ပြိုင်တဲ့ ပုံတွေအားလုံး သူတို့မှာ ကန့်သတ်ချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဒီ ၂၀၁၆ ခုနှစ်အတွင်းမှာ ရိုက်တဲ့ပုံပဲ ဖြစ်ရမယ်။ အဲဒီလိုနှစ်အကန့်အသတ်ရှိတဲ့အတွက် ကျွန်တော် နောက်တစ်နှစ် ပြိုင်တဲ့အခါမှာ ငါ ဒုတိယအကြိမ်ပြိုင်တဲ့အခါမှာ သေချာလေးပြင်ဆင်မယ်ပေါ့။ ဒီတစ်နှစ်ပတ်လုံးလည်း ကျွန်တော်တို့မှာ ပုံတွေကို ကြိုတင်ပြင်ဆင်ပြီးတော့ ရိုက်ကူးဖို့ အခွင့်အရေးတွေအများကြီးရတာပေါ့။ အဲဒီတော့ ဒီပွဲလေးမှာ ကျွန်တော်အရမ်းအားထားခဲ့တယ်။ အားထားခဲ့တဲ့အတွက် ကျွန်တော်ရိုက်ကူးခဲ့တဲ့ တစ်နှစ်ပတ်လုံးကပုံတွေအားလုံး ကျွန်တော့်စိတ်ကြိုက် ပုံ၂၂ ပုံကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။

အခုလုပ်တဲ့ပွဲက Sony ကလုပ်တာဖြစ်တဲ့အပြင် Sony World Photography ပြိုင်ပွဲဆိုတော့ အစ်ကို Camera ကိုရွေးတဲ့အခါ Sony နဲ့ရိုက်ရမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုးရော ရှိပါသလားဗျ။

ကျွန်တော်တို့က ဒီ International Photo Contest ဖြစ်တဲ့အတွက် Camera ကန့်သတ်ချက်မရှိပါဘူး။ ဒါပေမယ့် ဒီပုံလေးကိုရိုက်ကူးတဲ့အခါမှာတော့ ကျွန်တော်ဒီ Sony ကထုတ်လုပ်တဲ့ Sony 7R Mat 2 ပေါ့ အဲဒီကင်မရာနဲ့ နောက် Lens ကတော့ 24 – 70 G Master lens ကို သုံးခဲ့ပါတယ်။ ဒီ ပုံတစ်ပုံကောင်းမွန်ဖို့အတွက် ကင်မရာရဲ့ လုပ်ဆောင်ချက်တွေ ကင်မရာမှာပါဝင်တဲ့ နည်းစနစ်တွေက ပုံတစ်ပုံကောင်းဖို့အတွက်လည်း အထောက်အပံ့တွေ အများကြီးပေးပါတယ်။ နောက်တစ်ခု ၅၀% ကတော့ ကျွန်တော်တို့ရဲ့ ပုံပေါ်မှာဖန်တီးမယ့် စိတ်ကူးစိတ်သန်း အတွေးအခေါ်တွေ ဒီပုံပေါ်မှာ တင်ပြချင်တဲ့ အကြောင်းအရာတွေကလည်း အရေးကြီးပါတယ်။ ကျွန်တော့်အနေနဲ့ဆိုရင်တော့ ကင်မရာနဲ့ ကိုယ်က ၅၀% စီ လို့ပဲပြောချင်ပါတယ်ဗျ။

ဟုတ်ကဲ့ပါ။ အခုဆိုရင်တော့ Sony World Photography ဆုရှင် ကိုကျော်ဝင်းလှိုင်နဲ့ တွေ့ဆုံခဲ့တာတွေကို ပထမပိုင်းအနေနဲ့ တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းကို ဆက်လက်တင်ဆက်ပေးမှာမို့လို့  စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required