မုတ္တမနှင့် စင်ကာပူ Oxley တို့ ဒေါ်လာသန်း ၂၅၀ တန် “ Min Residences” ကို တည်ဆောက်မည်

မုတ္တမနှင့် စင်ကာပူ Oxley တို့ ဒေါ်လာသန်း ၂၅၀ တန် “ Min Residences” ကို တည်ဆောက်မည်
ဓာတ်ပုံ " Min Residences စုပေါင်းအိမ်ရာစီမံကိန်းကို ပူးပေါင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း မုတ္တမနှင့် Oxley Holdings တို့က မီဒီယာများကို အသိပေးစဉ်"

ပြည်တွင်းကုန်သွယ်ရေး၊ ဟိုတယ်နှင့် ဆောက်လုပ်ရေး စီးပွားရေးလုပ်ငန်းအုပ်စုဖြစ်သည့် မုတ္တမဖွံ့ဖြိုးတိုးတက်ရေးအုပ်စု (Mottama Development Group) သည် စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် အိမ်ရာဖွံ့ဖြိုးရေးကုမ္ပဏီဖြစ်သည့် Oxley Holdings လီမိတက်နှင့် ပူးပေါင်းကာ အမေရိကန်ဒေါ်လာ သန်း ၂၅၀ တန် အဆင့်မြင့် အိမ်ရာစီမံကိန်းတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ ၂ ခုက သတင်းထုတ်ပြန်ထားသည်။ အိမ်ရာစီမံကိန်း ရင်းနှီးမြှုပ်နှံမှုအတွက် ၅၀-၅၀ တစ်ဝက်စီ ထည့်ဝင်သွားမည်ဖြစ်ကြောင်း ပြည်တွင်းရင်းနှီးမြှုပ်နှံသူဖြစ်သူ မုတ္တမဖွံ့ဖြိုးတိုးတက်ရေးအုပ်စု၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရောင်ဟိုက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ ၂ ယောက်က ၅၀-၅၀ ဆီရင်းမယ်၊ ၅၀-၅၀ စီ အကျိုးအမြတ်ခံစားမယ်” ဟု ဦးရောင်ဟိုက ပြောသည်။

အဆိုပါစီမံကိန်းကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းပေါ်တွင် တည်ဆောက်မည်ဖြစ်ကာ ယခုနှစ်မှစ၍ အချိန် ၃ နှစ်အတွင်း ဆောက်လုပ်ပြီးစီးမည်ဟု သိရသည်။

“Min Residences” အမည်ရှိ ယင်းစီမံကိန်းတွင် အဆင့်မြင့်လူနေအိမ်ခန်းများ၊ စီးပွားရေးသုံးနေရာများ၊ ရုံးခန်းနှင့် ဈေးဆိုင်ခန်းများပါဝင်မည်ဖြစ်ပြီး မြေညီထပ်အပါအဝင် အထပ်ပေါင်း ၂၀ အမြင့် ရှိမည်ဖြစ်ကာ အခန်းအရေအတွက် စုစုပေါင်း ၆၇၁ ခန်းရှိမည်ဟု သိရသည်။ စီမံကိန်းကို အစိုးရထံမှ ငှားရမ်းခြင်းမဟုတ်ဘဲ နှစ် ၆၀ သက်တမ်းရှိ ဘိုးဘွားပိုင်မြေပေါ်တွင် တည်ဆောက်မည်   ဖြစ်ကာ မြေအသုံးပြုခ စားရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၅၉ သန်းနီးပါး (USD ၅၈.၉ သန်း) ကျခံရမည်ဖြစ်သည်။

ယင်း “Min Residences” စုပေါင်းအိမ်ရာစီမံကိန်းသည် မုတ္တမဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်၏ ပွဲဦးထွက် အဆင့်မြင့်အိမ်ရာစီမံကိန်းတစ်ခုလည်းဖြစ်သည်။

“ပထမတော့ ကျွန်တော်တို့ ကုမ္ပဏီက Construction ကုမ္ပဏီ၊ Developer တွေ၊ ဘာတွေ မလုပ်တတ်ဘူး။ တတ်နိုင်တဲ့ဘက်က ကိုယ့်မြေရှိတဲ့ဟာကို Developer လုပ်ဖို့ စဉ်းစားတာ၊ ဒါပေမယ့် ကျွန်တော်တို့မှာက Developer လုပ်ပြီး သားသားနားနား ရောင်းဖို့ကျတော့ ကျွန်တော်တို့ မလုပ်တတ်ဘူး။ အဲဒါနဲ့ နိုင်ငံတကာအတွေ့အကြုံလည်းရှိပြီး ကျွန်တော်တို့ရဲ့ မိတ်ဆွေဖြစ်တဲ့ Oxley Holdings နဲ့ ပေါင်းပြီးလုပ်ဖြစ်သွားတာ” ဟု မုတ္တမဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရောင်ဟိုက ရှင်းပြသည်။

 မုတ္တ၏ မိတ်ဘက် Oxley Holdings လီမိတက်အနေနှင့် ဥရောပ၊ အာရှ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသများတွင် အဆင့်မြင့်အိမ်ရာစီမံကိန်းများ ဖော်ထုတ်ရာတွင် အတွေ့အကြုံရှိသည့် ကုမ္ပဏီဖြစ်ပြီး ယခုအခါတွင် မြန်မာနိုင်ငံဈေးကွက် သို့ ဦးတည်ပစ်မှတ်ထားလာသည်ဟု Oxley Holdings လီမိတက်၏ အမှုဆောင်ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ ချင်ချောက်ကွမ်က ပြောသည်။

“မြန်မာက ကမ္ဘာမှာ ဖွံ့ဖြိုးတိုးတက်လာနေတယ်၊ ဒီနိုင်ငံမှာ ငယ်ရွယ်နုပျိုတဲ့ လူဦးရေတွေရှိပြီးတော့ လူလတ်တန်းစားအရေအတွက်ကလည်း တိုးတက်လာနေတယ်၊ ဒါကြောင့် ကျွန်တော်တို့ ဒီမှာ လာပြီး ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်”

 စီးပွားဖက် ကုမ္ပဏီ ၂ ခုပူးပေါင်းကာ ယခုအကောင်အထည်ဖော်မည့် အိမ်ရာစီမံကိန်းများအပြင် အလားအလာရှိသော နေရာများကို ရှာဖွေ ရင်းနှီးမြှုပ်နှံသွားမည်ဟု သိရသည်။

“အဆင့်မြင့်အိမ်ရာစီမံကိန်းတွေအပြင် လူနေမှုအိမ်ရာတွေ၊ တန်ဘိုးသင့်တင့်အိမ်ရာတွေလုပ်ကိုင်ဖို့ ပြည်သူ့အစိုးရက တင်ဒါခေါ်မယ်ဆိုရင်လည်း အဲဒိလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ချင်ပါတယ်” ဟု မစ္စတာ ချင်ချောက်ကွမ်က မဇ္ဈိမကို ပြောသည်။

 အဆိုပါ တည်ဆောက်သွားမည့် မင်းဓမ္မလမ်း “Min Residences” ရှိ လူနေအိမ်ခန်းများကို ၁၂ နှစ်မှ ၁၅ နှစ် အထိ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်အောင် ကမ္ဘောဇဘဏ်ဘက်က ကတိပေးထားသည်ဟု မြေပိုင်ရှင်ဖြစ်သည့် မုတ္တမဖွံ့ဖြိုးတိုး တက်ရေးကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရောင်ဟိုက ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly