ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့ ဥပဒေချိုးဖောက်မှုမရှိဟု UEC ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့ ဥပဒေချိုးဖောက်မှုမရှိဟု UEC ထုတ်ပြန်

နေပြည်တော်(မေလ ၁၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့သည် ကြားဖြတ်ရွေးကောက်ပွဲတွင် ဥပဒေပြဌာန်းချက်များအား ဖောက်ဖျက်ကျူးလွန်ရာရောက်သည်ဆိုသည့် နိုင်ငံရေးပါတီ (၁၃)ခု၏ ကန့်ကွက်မှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ မေလ ၁၈ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ၏ နာယက ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်တို့၏ ဆောင်ရွက်ချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ရာရောက်သဖြင့် အရေးယူဆောင်ရွက်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ (၁၃)ခုက မေလ ၈ရက်တွင် ကန့်ကွက်စာ တင်ပြမှုအပေါ် သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ကန့်ကွက်မှုသည် ကြားဖြတ်ရွေးကောက်ပွဲကျင်းပသည့်ကာလနှင့် အစိုးရအဖွဲ့တာဝန်ယူသည့် တစ်နှစ်ပြည့်ကာလတို့ တိုက်ဆိုင်မှုကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုသည်။

“အစိုးရအဖွဲ့ အကြီးအကဲများက ဖြစ်စေ၊ အနိုင်ရပါတီ၏ တာဝန်ရှိပုဂ္ဂိုလ်များက ဖြစ်စေ ပြည်သူလူထုသို့ တစ်နှစ်တာဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ အသိပေးမှုများသည် ထုံးတမ်းစဉ်လာ လုပ်ရိုးလုပ်စဉ်မျှသာ ဖြစ်ပါသည်” ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အနိုင်ရပါတီ၏ တာဝန်ရှိသူများက ပြည်သူလူထုသို့ ရှင်းလင်း တင်ပြမှုများသည် မဲဆွယ်စည်းရုံးသည့် သဘောမပါရှိ” ဟု ကော်မရှင်က သုံးသပ်ခဲ့သည်။

“ကန့်ကွက်စာများနှင့် စပ်လျဉ်း၍ အရေးယူဆောင်ရွက်ရန် မရှိပါ” ဟုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆိုပါ ထုတ်ပြန်ချက်သည် တရားမျှတမှုမရှိဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဝေဖန် ပြောဆိုသည်။

"ငါ အာဏာရတဲ့အချိန်မှာ ငါ လုပ်ချင်ရာလုပ်မယ်ကွာဆိုတဲ့ အပေါက်မျိုးလို့ ကျွန်တော်တို့က မြင်တယ်" ဟု ဒေါက်တာနန္ဒာလှမြင့်က မဇ္ဈိမကို ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ တာဝန်ယူမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)နှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ မတ်လ ၃၀ရက် ညပိုင်းက ပြောကြားခဲ့သော မိန့်ခွန်းသည် “ကြားဖြတ်ရွေးကောက်ပွဲနှင့် အချိန်ကိုက်လျက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးရည်မှန်းချက်များ ပါဝင်သော စည်းရုံးလှုံ့ဆော်ဟောပြောချက်မိန့်ခွန်း ဖြစ်နေကြောင်းသာ အထင်အရှား တွေ့ရှိရပါသည်” ဟု နိုင်ငံရေးပါတီ(၁၃)ခု၏ ကန့်ကွက်စာတွင် ပါရှိသည်။

ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက်အလို မတ်လ ၃၁ရက်တွင်လည်း ယင်းမိန့်ခွန်းအား နိုင်ငံပိုင်သတင်းစာများတွင် အပြည့်အစုံဖော်ပြခဲ့ခြင်းသည် “ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးလှုံ့ဆောင်ခြင်း မပြုလုပ်ရ” ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော အမိန့်ကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်သည်ဟုလည်း ဆိုထားသည်။

အလားတူ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့ကလည်း မတ်လ ၃၁ရက် ညပိုင်းတွင် MRTV မှ သဘောထားအမြင်တင်ပြချက်များကို ပြောကြားခဲ့ခြင်းနှင့် ၎င်းတို့၏ ပြောဆိုချက်များကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပသည့် ဧပြီလ ၁ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ခြင်းသည် “နိုင်ငံပိုင်မီဒီယာကို အသုံးချလျက် သွယ်ဝှိုက်သောနည်းဖြင့် မဲဆွယ်စည်းရုံးပေးရာ ရောက်ပါသည်” ဟု ကန့်ကွက်စာတွင် ဖော်ပြထားသည်။

 ထိုလုပ်ဆောင်ချက်များသည် “ပြိုင်ဘက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများထက် အခွင့်အရေး အသာစီးရယူပြီး မမျှမတ ဆောင်ရွက်သည့် လုပ်ရပ် ဖြစ်သည့်အပြင် ဥပဒေကို လက်တစ်လုံးခြား လှည့်ဖြား၍ ကျူးလွန်ရာလည်း ရောက်ပါသည်” ဟု နိုင်ငံရေးပါတီ(၁၃)ခုက ကန့်ကွက်စာတွင် ထည့်သွင်းရေးသားထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက် ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ရွေးကောက်ပွဲနှင့် အချိန်ကိုက်လျက် နိုင်ငံပိုင်မီဒီယာကို အသုံးပြုပြီး မဲဆွယ်စည်းရုံးမှုဆန်ဆန် ဟောပြောခဲ့ခြင်း မရှိခဲ့ဟုလည်း ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required