မကွေးတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦတင်ဒါအတွက် ကုမ္ပဏီ ၆ ခု ဆန်ခါတင်ရွေးချယ်

မကွေးတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦတင်ဒါအတွက် ကုမ္ပဏီ ၆ ခု ဆန်ခါတင်ရွေးချယ်

မကွေး၊ မေလ ၁၈ ။            ။ မကွေးတိုင်းဒေသကြီးလွှတ်တော်(ပင်မ) အဆောက်အဦသစ် တည်ဆောက်ခြင်းလုပ်ငန်းအတွက် အဆိုပြု လျှောက်လွှာတင်သွင်းသည့် ကုမ္ပဏီများအနက် ကုမ္ပဏီ ၆ ခုအား ဆန်ခါတင် ရွေးချယ်ထားကြောင်း တင်ဒါရွေးချယ်ရေးကော်မတီမှ သိရသည်။

မကွေးတိုင်းဒေသကြီးလွှတ်တော်တွင် ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မကွေးတိုင်းဒေသကြီးလွှတ်တော်(ပင်မ) အဆောက်အဦအသစ် တည်ဆောက်ခြင်း လုပ်ငန်းအတွက် အဆိုပြု လျှောက်လွှာတင်သွင်းသည့် ကုမ္ပဏီ ၃၇ ခုအနက် Golden Gate International Co.Ltd(ရန်ကုန်)၊ Kyaw Thar Engineering Co.Ltd(ရန်ကုန်)၊Royal International Engineering Co.Ltd(ရန်ကုန်)၊Myanmar Marker Home Co.Lt(မြစ်Mကီးနား)၊ အရုဏ်ဦး(ရန်ကုန်)၊ ဧရာရွှေဝါဆောက်လုပ်ရေး(ရန်ကုန်)တို့ Technical Proposal အောင်မြင်ကြောင်း တင်ဒါရွေးချယ်ရေးကော်မတီထံက သိရသည်။

“ဒီကုမ္ပဏီ ၆ ခုကို လာမယ့် မေ ၃၀ ရက်နေ့မှာ အဆောက်အဦ ဒီဇိုင်းပုံစံပေးမယ်၊သူတို့က တွက်ချက်ပြီး တင်ဒါကို ဇွန် ၁၅ ရက်နေ့ နောက်ဆုံးတင်ပေးရမယ်၊ ဇွန်၂၀ ရက်နေ့မှာ တင်ဒါဖွင့်မယ်၊ ဈေးနည်းပြီး မကောင်းတာ၊ဈေးများပြီး ကောင်းတာမျိုးတွေထက် ဈေးအသင့်အတင့်နဲ့ ကောင်းတဲ့ကုမ္ပဏီမျိုး ရွေးချယ်မှာပါ၊ တင်ဒါအောင်တဲ့ ကုမ္ပဏီရဲ့ ကုမ္ပဏီဖွဲ့စည်းမှု၊ ဆောက်တဲ့ အဆောက်အဦတွေ၊ အင်ဂျင်နီယာအပိုင်းတွေ အုပ်ချုပ်မှုအပိုင်းတွေစက်ပစ္စည်းအားတွေ လုပ်သားအားနဲ့ မတည်ရင်းနီးငွေတွေကို ကွင်းဆင်းလေ့လာပြီးမှ လုပ်ကိုင်ခွင့် ပေးမှာပါဟု တင်ဒါရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတာက ဆိုသည်။

မကွေးတိုင်းဒေသကြီးလွှတ်တော်အသစ် ဆောက်လုပ်ရန်အတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၄.၅ဘီလီယံ ကုန်ကျနိင်ကြောင်း တင်ဒါရွေးချယ်ရေးကော်မတီမှ သိရသည်။

“၂၀၁၇-၂၀၁၈ခု ဘဏ္ဍာနှစ်မှာ ကျပ်၃.၅ဘီလီယံ ရရှိထားပါတယ်၊ ကျန်တဲ့ငွေကို လာမယ့်ဘဏ္ဍာနှစ်မှာ ရမှာပါ။ ဒီကုန်ကျနိင်တဲ့ငွေဟာ အစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီးမှ တွက်ချက်ထားတဲ့ ငွေပမာဏ   ဖြစ်ပါတယ်”ဟု တင်ဒါရွေးချယ်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက မဇ္ဈိမသို့ ပြောသည်။

မကွေးတိုင်းဒေသကြီး လွှတ်တော်အသစ် တည်ဆောက်ရာတွင် လွှတ်တော်တွင် နေရာတစ်နေရာ သီးခြားထားကာ ပြည်သူများ လွတ်လွတ်လပ်လပ် ဆန္ဒဖော်ထုတ်လို့ရမည့်နေရာတစ်ခုထားရန် လျာထားကြောင်း မကွေးတိုင်းဒေသကြီးလွှတ်တော်မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required