အခမဲ့ဆေးကုသမှု ၁၁ ကြိမ်မြောက် မျက်စိဝေဒနာရှင် ၃၀၀ ကို ခွဲစိတ်ကုသပေးသွားမည်

အခမဲ့ဆေးကုသမှု ၁၁ ကြိမ်မြောက် မျက်စိဝေဒနာရှင် ၃၀၀ ကို ခွဲစိတ်ကုသပေးသွားမည်

စစ်တွေ၊ မေ ၁၈ ရက်။               ။ စစ်တွေမြို့တွင် အခမဲ့ဆေးကုသပေးလျှက်ရှိသည့် ရွှေကရုဏာဆေးခန်းမှ အထူးကုသပေးမှု တစ်ရပ်အနေဖြင့် မျက်စိဝေဒနာရှင်များကို ခွဲစိတ်ကုသပေးလျှက်ရှိရာ ၁၁ ကြိမ်မြောက်အဖြစ် မျက်စိဝေဒနာရှင် ၃၀၀ ကို အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျက်စိဝေဒနာရှင်များအား ယခင်က ၁၀ ကြိမ်ကုသပေးပြီးဖြစ်ရာ ယခုအကြိမ်တွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၄ ခုဖြစ်သည့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်တို့မှ အတွင်းတိမ် စွဲကပ်နေသည့် မျက်စိ ဝေဒနာရှင်များကိုသာ သီးသန့်ရွေးချယ်ပြီး ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က အတွင်းတိမ် မျက်စိဝေဒနာရှင်တွေကိုပဲ ကုသပေးသွားမှာပါ။ မျက်စိဝေဒနာရှင်တွေက ကိုယ်တိုင် လာရောက် စာရင်းပေးသွင်းပြီးတာနဲ့ တပြိုင်နက် စမ်းသပ်ပေးပါတယ်။ ကျွန်တော်တို့ သတ်မှတ် ထားတဲ့အတိုင်း လူနာ ၃၀၀ ပြည့်တာနဲ့ ခွဲရမယ့်သူတွေကို ခွဲစိတ်ကုသပေးသွားမှာပါ။ လောလောဆယ်မှာတော့ မျက်စိဝေဒနာရှင် ၁၇၀ ကို စမ်းသပ်ထားပါပြီ”ဟု ရွှေကရုဏာအကျိုးဆောင် တွဲဖက်အတွင်းရေးမှူး ဦးမောင်ထွန်းတင်က RiA သို့ ပြောသည်။

လာရောက် စာရင်းပေးသွင်းသူများအား မေလ ၁၆ ရက်နေ့မှ စတင်၍ စမ်းသပ်မှုများပြုလုပ်နေပြိဖြစ်ကာ မျက်စိဝေဒနာ ရှင်ပေါင်း ၃၀၀ ပြည့်လျှင် ခွဲစိပ်မှုစတင်တော့မည်ဖြစ်ကြောင်း သိရသည်။

တခြားမြို့နယ်များမှလာရောက်ကုသသော မျက်စိဝေဒနာရှင်များအား တည်းခိုနေထိုင်ကုသနိုင်ရန်အတွက် ဆေးခန်းနှင့်အနီးဝန်းကျင်မှ ဘုန်းကြီးကျောင်းများတွင် နေရာချပေးရန် စီစဉ်ထားကြောင်းလည်း သိရသည်။

“နယ်ကလာတဲ့ မျက်စိဝေဒနာရှင်တွေကို ဒီအနီးအနားက ဘုန်းကြီးကျောင်းတွေမှာပဲ ကျွန်တော်တို့ နေရာချပေးဖို့ စီစဉ်ထားပါတယ်။ ပြီးတော့ အဲဒီဝေဒနာရှင်တွေကို ရန်ကုန်က ကျွမ်းကျင်တဲ့ ဆရာဝန်ကြီး ၇ ယောက်နဲ့ အတူ သူနာပြုတစ်ယောက်၊ မျက်မှန်ကျွမ်းကျင်တဲ့သူတစ်ယောက်၊ စုစုပေါင်း ၉ ယောက်က လာရောက်ကုသပေးမှာပါ”ဟု ၎င်းက ဆက်ပြောသည်။

ယခင်ကုသပေးခဲ့ပြီးဖြစ်သည့် ၁၀ ကြိမ်တွင် မျက်စိဝေဒနာရှင်ပေါင်း ၉၃၅ ဦးကို ခွဲစိတ် ကုသပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ်သည် တစ်နိုင်ငံလုံးတွင် မျက်စိဝေဒနာဖြစ်ပွားမှု အများဆုံးဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြည်သူ့ဆေးရုံများတွင် မျက်စိဝေဒနာများကို ကုသပေးနိုင်သည့် ဌာနမရှိသဖြင့် အဆိုပါ ဝေဒနာရှင်များအနေဖြင့် ဆေးဝါးကုသမှုခံယူရန် အခက်အခဲများရှိနေကြောင်း ရခိုင်ပြည်နယ် မျက်စိအထူးကုဆရာဝန် ဒေါက်တာမိုးကျော်က ၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မျက်မမြင်များနေ့တွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required