မန်ယူအသင်း၏ ယူရိုပါလိဂ်အခွင့်အရေးကို ပရီးမီးယားလိဂ်ကဟန့်တားနေသည်ဟု မော်ရင်ဟိုစွပ်စွဲ

မန်ယူအသင်း၏ ယူရိုပါလိဂ်အခွင့်အရေးကို ပရီးမီးယားလိဂ်ကဟန့်တားနေသည်ဟု မော်ရင်ဟိုစွပ်စွဲ

မေ ၁၈၊ မန်ချက်စတာ။           ။ မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟိုသည် ပရီးမီးယားလိဂ်ကိုတိုက်ခိုက်မှုအသစ်တစ်ခုအဖြစ် ယင်းတို့မှာ ၎င်း၏အသင်း ယူရိုပါလိဂ်အောင်မြင်မှုအတွက်ကြိုးစားမှုကို ဟန့်တားနေသည်ဟု စွပ်စွဲပြောဆိုလိုက်သည်။

ယူနိုက်တက်၏ရာသီသိမ်းပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းတွင် တနင်္ဂနွေနေ့၌ကစားရမည်ဖြစ်ရာ ဗုဒ္ဓဟူးနေ့တွင် စတော့ခ်ဟုမ်း၌ အိုင်းယက်စ်နှင့်ကစားရမည့် ယူရိုပါလိဂ်ပွဲအတွက် ကစားသမားများ ၂၄ နာရီထက်ပိုပြီး ပြင်ဆင်ချိန်မရခြင်း အပေါ် မော်ရင်ဟိုက မကျေမနပ်ဖြစ်နေသည်။

ဗုဒ္ဓဟူးနေ့ညက ဆောက်သမ်တန်နှင့် ဂိုးမရှိသရေကျပြီးနောက် မော်ရင်ဟိုက “ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာမဆို ပွဲကစနေနေ့မှာပဲ ကစားရပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ကအဆင့် ၆ မှာရောက်နေပြီး ဘာကိစ္စမှမရှိတော့သလို ခရစ္စတယ် ပဲလေ့စ်ကလည်း စိတ်ချရတဲ့အဆင့်မှာပါ။

ပဲလေ့စ်က ဟားလ်စီးတီးကိုအနိုင်ရလို့ ဟားလ်စီးတီးတန်းဆင်းသွားပြီး ဆွမ်ဆီးအသင်းကျန်ခဲ့ပြီးကတည်းက ဒီပွဲကိုရွှေ့သင့်ပါ တယ်။ ကျွန်တော့်အတွက်စိတ်ပျက်စရာပဲဖြစ်ပြီး ကျွန်တော့်အသင်းကို ခင်ဗျားတို့မသတ်ကြဖို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

ပဲလေ့စ်နှင့်ပွဲတွင် လူငယ်များဖြင့်သာ ကစားသွားစေဦးမည်ဖြစ်ပြီး သက်သက်ညှာညှာကစားရန် ပြိုင်ဘက်နည်းပြ အလာဒိုက်စ်ကိုပင် တောင်းဆိုသွားဖွယ်ပင်ရှိသည်ဟု မော်ရင်ဟိုက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly