ခြိုးခြံချွေတာရေးအတွက် အစိုးရမှဖြတ်တောက်လျှော့မှုများကို ဆန့်ကျင်သည့်အနေဖြင့် ဂရိလူမျိုးများ ဆန္ဒပြ

ခြိုးခြံချွေတာရေးအတွက် အစိုးရမှဖြတ်တောက်လျှော့မှုများကို ဆန့်ကျင်သည့်အနေဖြင့် ဂရိလူမျိုးများ ဆန္ဒပြ

 မေ ၁၈ ။                   ။ သောင်းနှင့်ချီသော ဂရိလူမျိုးများသည် ခြိုးခြံချွေတာမှုအတွက် ပင်စင်လျှော့ချမည့် အစီအစဉ်သစ်ကို ဆန့်ကျင် သည့်အနေဖြင့် ဗုဒ္ဓဟူးနေ့တွင် ၂၄ နာရီကြာ သပိတ်မှောက် ဆန္ဒပြခဲ့ကြသောကြောင့် သွားရေးလာရေးအတွက် အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ပိတ်ထားရသည်။

ထိုစီမံချက်ကို ပါလီမန်မှ အတည်မပြုမီ တစ်ရက်အလိုတွင် ဂရိအလုပ်သမားများသည် သီးခြားစီဆန္ဒပြခဲ့ကြပြီး အေသင်မြို့တွင် ဆန္ဒပြသူ ၁၂၀၀၀ ခန့်နှင့် သက်ဆာလိုနီကီ မြို့တွင် ဆန္ဒပြသူ ၆၀၀၀ ခန့်ရှိခဲ့ကြောင်း ရဲများ၏ အဆိုအရ သိရသည်။

အေသင်ဆန္ဒပြပွဲတွင် ခေါင်းစွပ်စွပ်ထားသော လူငယ်များသည် တီဗီရုပ်သံ ထုတ်လွှင့်သော ကားများ၏ ပြတင်း ပေါက်များကို ရိုက်ခွဲခဲ့ကြပြီး ရဲများထံသို့ မီးလောင်ဗုံးများဖြင့် ပစ်ပေါက်ခဲ့ကာ ရဲများကလည်း မျက်ရည်ယိုဗုံးများ ဖြင့် ပြန်လည်တုံ့ပြန်ခဲ့ကြသည်။

ထိုအလုပ်သမားသပိတ်ကြောင့် ရေကြောင်း ခရီးသွားလာရေးတွင် လမ်းကြောင်းပိတ်ဆို့ခဲ့ပြီး လေယာဉ်ခရီးစဉ် များလည်း ဖျက်သိမ်းခဲ့ရကာ ဆေးရုံများကိုလည်း အရေးပေါ်ဝန်ထမ်းများဖြင့် လည်ပတ်နေရသည်။

“ ကျနော်တို့ အစိုးရ၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)ထံသို့ တိကျပြတ်သားတဲ့ သတင်း စကားတစ်ခု ပေးပို့ချင်ပါတယ်။ ကျနော်တို့ရဲ့ ဘဝတွေကို သူတို့တွေဖျက်ဆီးပစ်မှာကို ခွင့်ပြုမှာမဟုတ်ပါဘူး” ဟု ကွန်မြူနစ်အစည်းအရုံး PAME အကြီးတန်းအဖွဲ့ဝင် အယ်လီကို့စ်ပါရာကစ်က ပြောခဲ့သည်။

ဂရိနိုင်ငံကို ငွေကြေးအကြပ်အတည်းမှ ကယ်တင်ထားခဲ့သော ဥရောပသမဂ္ဂနှင့် IMF အဖွဲ့အစည်းတို့သည် အခွန်လျော့ပေါ့ခွင့်ကို ဖြတ်တောက်ရန်နှင့် ပင်စင်လစာအား လျှော့ချရန် ဂရိနိုင်ငံအပေါ် ဖိအားပေးနေသည်ကို ဆန့်ကျင်သည့်အနေဖြင့် ယခုလို ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။

ကြာသာပတေးနေ့ညတွင် အတည်ပြုမည့် အဆိုပါဥပဒေမူကြမ်းအရ လာမည့် ၂၀၁၈ မှ ၂၀၂၁ အထိ ယူရို ၄.၉ ဘီလျံအထိ ဖြတ်တောက် လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သတင်းဌာန ANA မှ တင်ပြခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required