မြန်မာ-တရုတ်နယ်စပ် စီးပွားရေးဇုန် နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်စေမည်ဟု တရုတ်ပြော

မြန်မာ-တရုတ်နယ်စပ် စီးပွားရေးဇုန် နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်စေမည်ဟု တရုတ်ပြော

ပေကျင်းအစိုးရ၏ Belt and Road initiative (ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု စီမံကိန်း) ကို အကောင်အထည်ဖော်မည့် ပလက်ဖောင်းတစ်ခုအနေဖြင့် တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းမှုဇုန်များ ထူထောင်ခြင်းက သက်ဆိုင်ရာ နိုင်ငံများ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကို ကူညီတိုးတက်စေနိုင်သကဲ့သို့ ကုန်သွယ်မှုပိုင်းကိုလည်း တိုးမြင့်အားကောင်း   စေနိုင်ကြောင်း ပညာရှင်များက သုံးသပ်သည်။ အဆိုပါ ဇုန်များမှာ လာမည့် ၂၀၂၀ ပြည့်နှစ်ဝန်းကျင်မတိုင်မီ သက်ဆိုင်ရာနိုင်ငံများ၏ ပြည်တွင်းစီးပွားရေးကို မောင်းနှင်ရာတွင်လည်း အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ဖွယ် ရှိနေသည်ဟုလည်း ကျွမ်းကျင်သူများက ပြောသည်။

ယခုလက်ရှိအချိန်တွင် တရုတ်-မြန်မာ နယ်စပ် စီးပွားရေးပူးပေါင်းမှု ဇုန်တစ်ခု ထူထောင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ MoU တစ်ရပ်ကိုလည်း ပြီးခဲ့သည့် မေလ ၁၆ ရက်က ပေကျင်းမြို့၌ တရုတ်နှင့် မြန်မာ နှစ်ဘက်တာဝန်ရှိသူတို့အကြား လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

အဆိုပါ MoU လက်မှတ်ရေးထိုးမှုမှာ တရုတ်နှင့် မြန်မာအကြား စီးပွားရေး ပူးပေါင်းမှုဇုန်တစ်ခု ထူထောင်ရေးအတွက် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာခဲ့သကဲ့သို့ နှစ်နိုင်ငံစလုံးအနေဖြင့်လည်း ယင်းအစီအစဉ် ဖော်ဆောင်ရာတွင် တက်ကြွစွာ ညှိနှိုင်းဆောင်ရွက်သွားကြတော့မည်ဖြစ်ကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနက ယင်း၏ ဝက်ဘ်ဆိုက်မှတဆင့် ထုတ်ပြန်ထားသည်။

အဆိုပါ နှစ်နိုင်ငံနယ်စပ် စီးပွားရေးပူးပေါင်းမှု ဇုန်ကို နှစ်နိုင်ငံနယ်စပ် အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ထူထောင်သွားဖွယ် ရှိနေကြောင်း တရုတ် Renmin တက္ကသိုလ် Chongyang ဘဏ္ဍာရေးလေ့လာမှုဌာနမှ senior research fellow ဖြစ်သူ Zhou Rong က ဂလိုဘယ်လ်တိုင်းမ်သို့ ပြောသည်။

ယင်းဇုန်မှာ တရုတ်၏ Yunnan ပြည်နယ် အနောက်တောင်ပိုင်း Tengchong ကောင်တီရှိ Houqiao ဆိပ်ကမ်းနှင့် မြန်မာဘက်ရှိ ကန်ပိုက်တီး ဆိပ်ကမ်းတို့ကို ချိတ်ဆက် ဆက်သွယ်ဖွယ်ရှိကြောင်း ၎င်းက မှတ်ချက်ပြုပြောသည်။

" ဒီ စီးပွားရေးပူးပေါင်းမှု ဇုန်က နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရေးအတွက် အရေးပါနေပါတယ်၊ အလားတူ ဒေသခံတွေရဲ့ ဝင်ငွေ မြင့်မားစေနိုင်သလို အလုပ်အကိုင် အခွင့်အလမ်း   တွေကိုလည်း တိုးမြင့်ဖန်တီးပေးသွားနိုင်ပါတယ်၊ ကုန်သွယ်ရေးဆိုင်ရာ ချိတ်ဆက်မှုတွေကိုပါ အားကောင်းသွားစေနိုင်ပါတယ်" ဟု တရုတ်လူမှုသိပ္ပံဆိုင်ရာ အကယ်ဒမီ လက်အောက်ရှိ   နိုင်ငံတကာမဟာဗျူဟာဆိုင်ရာ ဌာနမှ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ Zhao Jianglin ကလည်း ဂလိုဘယ်လ်တိုင်းမ် ကို ပြောပါတယ်။

တရုတ်နှင့် မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုမှာ မြန်မာဘက်ရှိ ပဋိပက္ခတိုက်ပွဲများကြောင့် ပြီးခဲ့သည့်နှစ်နှစ်အတွင်း အကျဘက်သို့ ရောက်ရှိနေလျက်ရှိသည်ဟု သူမက ဆိုသည်။

နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှုမှာ ၂၀၁၆ ဧပြီ ၁ ရက်မှ ၂၀၁၇ ဇန်နဝါရီ ၂၇ အကြား ဒေါ်လာ ၂၇ ဒသမ ၆၇ သန်း ထိ ကျဆင်းသွားခဲ့သည်ဟု မြန်မာသတင်းဌာန ဂလိုဘယ်နယူးလိုက်အော့ဖ်   မြန်မာက ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဖော်ပြခဲ့သည်။

ယခု ထူထောင်မည့် ဇုန်မှာ တရုတ်အစိုးရဘက်က ဖွံ့ဖြိုးဆဲနိုင်ငံများထံသို့ အကူအညီပေးနိုင်မည့် နည်းလမ်းတစ်ခုအဖြစ်လည်း ကိုယ်စားပြုနေလျက်ရှိသည်။ ယခု စီမံကိန်းကြောင့်လည်း ပြည်တွင်း ကုမ္ပဏီများအနေဖြင့် ဒေသတွင်းရှိ သစ်သီးလုပ်ငန်းအတွင်း ရင်းနှီးမြုှပ်နှံခွင့် ရရှိမည်ဖြစ်ပြီး ယင်းမှတဆင့်အလုပ်အကိုင်များဖန်တီးနိုင်ကာ မြန်မာနိုင်ငံအတွက် ဝင်ငွေများ တိုးပွားရရှိစေနိုင်ကြောင်း Zhao က ပြောသည်။

ကုန်သွယ်ရေးနှင့် လူသုံးကုန်ပစ္စည်းပိုင်းကိုသာ အထူးအလေးထားလုပ်ဆောင်သည့် တစ်ချို့သော စီးပွားရေးနှင့်ကုန်သွယ်ရေးဇုန်များနှင့် မတူသည့်အချက်က ယခု တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းမှုဇုန်မှာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ (အထူးသဖြင့် အထည်အလိပ်၊ အီလက်ထရောနစ်၊ တပ်ဆင်အစိတ်အပိုင်းပစ္စည်းထုတ်) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အဓိက   မောင်းနှင်ပေးသွားနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။ ယင်းဇုန်မှာ ပြည်တွင်းစီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးမှု တိုးမြင့်အားကောင်းရေးအတွက် အမြန်ဆန်ဆုံးနှင့် အသင့်တော်ဆုံးသော နည်းလမ်းလည်း ဖြစ်သည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags