အင်ဒိုနီးရှားတွင် လိင်တူဆက်ဆံသူ အမျိုးသားနှစ်ဦးအား ရှာရီယာတရားရုံးက ကြိမ်ဒဏ်ပေး

အင်ဒိုနီးရှားတွင် လိင်တူဆက်ဆံသူ အမျိုးသားနှစ်ဦးအား ရှာရီယာတရားရုံးက ကြိမ်ဒဏ်ပေး

ဂျကာတာ၊ မေ ၁၈ ။               ။ အင်ဒိုနီးရှားနိုင်ငံ အနောက်မြောက်ပိုင်း အာချီပြည်နယ်က အစ္စလာမ္မစ်ရှာရီယာတရားရုံးက လိင်တူဆက်ဆံသည့် အမျိုးသားနှစ်ဦးအား ကိုယ်ခန္ဓာ နာကျင်စေသည့်   ပြစ်ဒဏ်ကို မေ ၁၇ ရက်က ချမှတ်အပြစ်ပေးလိုက်သည်။

အဆိုပါ အမျိုးသားနှစ်ဦးသည် လိင်တူချစ်ကြိုက်ဆက်ဆံမှုရှိကြောင်း တရားရုံး၏ ဂျူရီလူကြီးသုံးဦးပါ ခုရုံးက အပြစ်ရှိသည် တွေ့ရှိကာ ကြိမ်ဒဏ် ၈၅ ချက်စီ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း EPA သတင်းထောက်က သတင်းပေးပို့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရားရုံးက ယင်းအမှုကို ကြားနာခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကြားနာရာတွင် သက်သေများက ယင်းအမျိုးသားနှစ်ဦး ချစ်မှုရေးရာကို ထွက်ဆိုကြသကဲ့သို့ ကွန်ဒုံးနှင့် ၎င်းတို့၏ အဝတ်အစားများကိုလည်း သက်သေအဖြစ် တင်ပြခြင်းဖြစ်သည်။

အစိုးရရှေ့နေများက ၎င်းတို့နှစ်ဦးကို ပြစ်ဒဏ်အဖြစ် ကြိမ်ဒဏ် ၈၀ ချမှတ်ရန် လျှောက်လဲသော်လည်း ဂျူရီတရားသူကြီးများက အပြစ်ဒဏ် ကြိမ်ချက်ကို တိုးမြှင့်ချမှတ်ခြင်းဖြစ်သည်။

တရားစီရင်သည့်နေ့က အနီးအနား လက်ဖက်ရည်ဆိုင်တွင် လာရောက်စောင့်ကြည့်နားထောင်နေသူများရှိသည်။ တရားရုံးအတွင်း ၎င်းတို့နှစ်ဦးကို ဝတ်ထားသော အင်္ကျီကို မျက်နှာကို ဖုံးလျက် ဝင်လာကြခြင်းဖြစ်သည်။ တရားသူကြီး အမိန့်ချလိုက်စဉ် တစ်ဦးက ငိုကြွေးပြီး ကျန်တစ်ဦးမှာ ဝမ်းနည်းဟန်ဖြင့် တိတ်ဆိတ်နေသည်။

၎င်းတို့နှစ်ဦးအနေဖြင့် ပြစ်ဒဏ်ဖြစ်သော လူရှေ့သူရှေ့ ကြိမ်ဒဏ်အရိုက်ခံခြင်းကို လာမည့်သီတင်းပတ်တွင် ခံယူရမည်ဖြစ်သည်။

လူ့အခွင့်အရေးစောင့်ကြည်ရေးအဖွဲ့၏ မေ ၁၂ ရက် ထုတ်ပြန်ချက်အရ ၎င်းအမျိုးသားနှစ်ဦးကို လူတစ်စုက နောက်ယောင်ခံစောင့်ကြည့်နေခဲ့ခြင်းဖြစ်ပြီး မတ်လအတွင်း ညတစ်ညတွင် ၎င်းတို့ငှားရမ်းသော တိုက်ခန်းကို အတင်းဝင်စီးကာ ၎င်းတို့နှစ်ဦးအား ရှာရီယာရဲတပ်ဖွဲ့သို့ ဖမ်းဆီးအပ်နှံလိုက်ကြခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags