ခန္တီးရတနာမြေရဲ့ အဖြေ ဘယ်လိုထွက်မှာလဲ

ခန္တီးရတနာမြေရဲ့ အဖြေ ဘယ်လိုထွက်မှာလဲ

နန်စီပွန်နဲ့မကျန်ခ မှော်တွေမှာရှိနေတဲ့ ရေမဆေးကျောက် ရှာဖွေနေသူတွေကို ဖယ်ရှားပေးဖို့ မြို့နယ်ထွေ/အုပ်က ဒီကနေ့ စာထုတ်လိုက်တာဟာ လက်ရှိအစိုးရနဲ့ဒေသခံတွေအကြား နားလည်မှုလွဲပြီး ပြဿနာကြီးထွားလာစေမယ်လို့ ယူဆရပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ရဲ့ ခန္တီးခရီးစဉ်အပြီးမှာ အခုလိုလုပ်လိုက်တာဟာ ဒေသခံတွေရဲ့သံသယကို ပိုမိုကြီးထွားလာစေမှာ အမှန်ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဝန်ကြီးချုပ်ရဲ့ ခန္တီးခရီးစဉ်ကို ဒေသခံအများစုက မျှော်လင့်ထားလို့ပါပဲ။

အမှန်တကယ်လည်း ဝန်ကြီးချုပ်က ရတနာမှော်တွေကို မြေပြင်အထိ ကွင်းဆင်းစစ်ဆေးပြီး ဒေသခံရေမဆေးကျောက်ရှာဖွေနေသူတွေနဲ့တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံခဲ့တဲ့နေရာမှာလည်း ဝန်ကြီးချုပ်က "ဒီဒေသခံတွေရဲ့ရှေ့ရေး၊တိုင်းပြည်ရဲ့ရှေ့ရေးအများကြီးပဲလုပ်ရမှာ ကျွန်တော်ထင်ထားတာနဲ့ ဒီနေရာအများကြီးကွာခြားနေပါတယ်။ ကျွန်တော်မနှစ်က မလာမိတာမှားပြီထင်တယ်။ အဲဒီကျတော့ အားလုံး ကျွန်တော်လုပ်သင့်တာ အလုပ်ကို တိုင်းပြည်အတွက်၊ဒေသခံအတွက် ရှေ့ရေးမျှော်ကိုးပြီး ကျွန်တော်လုပ်သင့်တဲ့အလုပ်ကို လုပ်ရပါမယ်။ ကျွန်တော်တို့ အစိုးရတက်လာကတည်းက ပြည်သူက မဲပေးလို့ တက်လာခဲ့တဲ့ အစိုးရပါ။ ပြည်သူကို မျက်နှာမူရမယ်။ တိုင်းပြည်ရဲ့ အနာဂတ်ကိုမျက်နှာမူရမယ်။ ကျွန်တော် ဘယ်သူ့မျက်နှာမှမထောက်ဘူး။ ကုမ္ပဏီရော၊ရေမဆေးသူရော ဘယ်သူ့မျက်နှာမှမထောက်ဘူး။ တိုင်းပြည်ရဲ့အနာဂတ်အတွက် ဒေသခံအနာဂတ်အတွက် ရှေ့ကိုတစ်မျှော်တစ်ခေါ်ကြီး စဉ်းစားပြီးတော့ ကျွန်တော်လုပ်သင့်တဲ့အလုပ်ကို ဆက်လုပ်သွားပါမယ်။"ဟုပြောကြားခဲ့ပါတယ်။

အဲဒီလိုပြောကြားခဲ့တာဖြစ်လို့ ဒေသခံတွေက အတော်မျှော်လင့်ပြီး ကြည်နူးခဲ့ကြတာတွေ့ရပါတယ်။ ဒါကြောင့်မို့လည်း ဒေသခံတွေက မျှော်လင့်ချက်တွေကို ပိုပြီးယုံကြည်လာကြပါတယ်။

အဲဒီယုံကြည်မှုက တစ်ရက်ပဲခံပါတယ်။ ဒီနေ့ မေ ၁၆ ရက်မှာတော့ အဲဒီမျှော်လင့်ချက်တွေပြိုလဲကုန်ပါတယ်။ အဲဒါကတော့ ဇွန် ၃၀ ရက်နေ့နောက်ဆုံးထားဖယ်ရှားပေးဖို့ အမိန့်ထွက်လာခဲ့တာကြောင့်ပါပဲ။

ဝန်ကြီးချုပ်က ရတနာမှော်ကို လာကြည့်တဲ့အခါမှာ ဘာတွေမြင်တွေ့ပြီး ဘယ်လိုသုံးသပ်ခဲ့တယ်ဆိုတာကိုတော့ မသိရပါဘူး။ ဒါပေမယ့် အဲဒေသကို ကြည့်ရှု့စစ်ဆေးနေတဲ့ အချိန်မှာတော့ သူရရှိထားတဲ့ အချက်အလက်တွေနဲ့ မြေပြင်တွေ့ရှိချက်တွေ ကွဲလွဲနေတယ်လို့ဆိုပါတယ်။ ကွဲလွဲနေတာတွေကို စစ်ဆေးမယ်လို့လည်းဆိုထားပါတယ်။

လက်ရှိတရားဝင် ရတနာတူးဖော်ခွင့်ရရှိထားတဲ့ ကုမ္ပဏီတွေကရော ဘယ်လောက်အတိုင်းအတာထိ လိုက်နာဆောင်ရွက်ထားသလဲ။ စည်းကမ်းဖောက်ပျက်တဲ့ကုမ္ပဏီ ဘယ်နှစ်ခုကို အရေးယူထားသလဲဆိုတာ မသိရပါဘူး။

အဲဒီဒေသမှာ တရားဝင်တူးဖော်ခွင့် ရရှိထားတဲ့ ကုမ္ပဏီး ၈၆ ခုဟာ ကျောက်မျက်က သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေလိုက်နာသလို မြေစာပုံစွန့်ပစ်ထားတာလဲ ကုမ္ပဏီပိုင်တဲ့ လုပ်ကွက်တွေထဲမှာ စွန့်ပစ်ထားတဲ့အတွက် ရေမဆေးကျောက်ရှာဖွေတဲ့သူတွေအနေနဲ့ ဝင်ရောက်ရှာဖွေခွင့်မရှိပါဘူးလို့ ကျောက်မျက်ညွှန်ကြားရေးမှူးကဆိုပါတယ်။

ကုမ္ပဏီတွေက စွန့်ပစ်မြေစာပုံကို ကျောက်ကြောပုံမြေစာပုံဆိုပြီး ခြံဝင်းများခတ်ကာ ရေမဆေးကျောက်ရှာဖွေသူတွေ မဝင်ရောက်နိုင်ရန်အတွက် အဟန့်အတားများပြုလုပ်ထားပါတယ်။

အဲဒီလို ပြုလုပ်ထားတဲ့မြေစာပုံတွေထဲကို ရေမဆေးကျောက်ရှာဖွေသူတွေက ဝင်ရောက်ရှာဖွေခဲ့ခြင်းကြောင့် ကုမ္ပဏီတွေနဲ့ ရေမဆေးကျောက်ရှာဖွေသူတွေအကြား ပဋိပက္ခအသွင် ဖြစ်ပွားနေခြင်းဖြစ်ပါတယ်။

ရေမဆေးကျောက်ရှာဖွေသူတွေဟာ ကုမ္ပဏီတွေရဲ့စွန့်ပစ်မြေစာပုံကို အဓိကထားရှာဖွေစားသောက်နေကြရတာပါ။ ကုမ္ပဏီတွေက လက်ဝါးကြီးအုပ်လုပ်ဆောင်နေခြင်းကြောင့်လည်း မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပွားနေတာပါလို့လည်း ဒေသခံတစ်ချို့က သုံးသပ်ပြောဆိုလာပါတယ်။

လက်ရှိအနေအထားက ကုမ္ပဏီရဲ့အကျိုးစီးပွားကို ကာကွယ်နေတယ်လို့လည်း ရေမဆေးရှာဖွေနေတဲ့သူတစ်ချို့က ဝေဖန်ပြောကြားလာတာတွေရှိပါတယ်။

ရေမဆေးကျောက်ရှာဖွေနေသူရဲ့ ဘဝအမှန်တွေကို သေချာစီစစ်ဆုံးဖြတ်သင့်သလို ဆူပူမှုတွေဖြစ်ပွားနေအောင် လုပ်ဆောင်နေတဲ့ နောက်ကွယ်က သူတွေကိုလည်း ရှာဖွေဖော်ထုတ်ဖမ်းဆီးရမှာပဲဖြစ်ပါတယ်။

နောက်ကွယ်က ကြိုကိုင်လှုံ့ဆော်သူတွေကိုလည်း ရှာဖွေဖော်ထုတ်ဖမ်းဆီးမှုတွေ လုပ်သွားမယ်လို့လည်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်က ဆိုထားတာလည်းရှိပါတယ်။

တရားဝင်ရတနာတူးဖော်ခွင့်ရရှိထားတဲ့ ကုမ္ပဏီတွေကလည်း သူတို့ရဲ့ကျောက်ကြောပါ မြေစာပုံတွေကို ရေမဆေးကျောက်ရှာဖွေသူတွေက ဝင်ရောက်ရှာဖွေတာတွေလုပ်နေတဲ့အတွက် ဆုံးရှုံးနစ်နာမှုတွေလည်း ရှိတယ်လို့ဆိုပါတယ်။ သူတို့အနေနဲ့ကတော့ အစိုးရရဲ့ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့လည်း ဆိုကြပါတယ်။

ဒေသခံရေမဆေးကျောက်ရှာဖွေသူတွေကတော့ ကုမ္ပဏီ၊ ရေမဆေးကျောက်ရှာဖွေသူနှင့် အစိုးရအဖွဲ့တို့ သုံးပွင့်ဆိုင် မျက်နှာချင်းဆိုင် ဖြေရှင်းလျှင် ပြေလည်သွားနိုင်တယ်လို့ ဆိုတဲ့သူတွေလည်းရှိပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ သုံးပွင့်ဆိုင် ပွင့်ပွင့်လင်းလင်းအဖြေရှာ ညှိနှိုင်းဆောင်ရွက်မှုများ ထပ်မံလုပ်ဆောင်နိုင်ပါက ခန္တီးရတနာမှော်ကိစ္စဟာ အေးဆေးတည်ငြိမ်စွာ ပြီးသွားနိုင်ပါတယ်။

ယခင်အစိုးရလက်ထက်ကတည်းက တရားဥပဒေစိုးမိုးရေးု ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ယခုအစိုးရလက်ထက်မှ တရားဥပဒေစိုးမိုးရေးဆိုပြီး အမည်တပ်အတင်းလုပ်ဆောင်မယ်ဆိုရင် ပဋိပက္ခအသွင်ဆောင်ပြီး သွေးထွက်သံယိုမှုတွေ ဖြစ်ပွားလာနိုင်ပါတယ်။

အခြေအနေတွေ အေးဆေးတည်ငြိမ်စွာသွားဖို့ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့အချက်ကို လက်ရှိအစိုးရအနေနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချနိုင်ဖို့လိုပါတယ်။

ခန္တီးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်သုံးဦးက အခုလို မြန်မြန်ဆန်ဆန်လုပ်ဆောင်ခြင်းကို နားမလည်ဘူးလို့ဆိုထားပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ခန္တီးမြို့ကို မေလ ၁၁ ရက်နေ့က ရောက်ရှိလာပြီး ၁၂ ရက်နေ့က ခန္တီးရတနာမှော်တွေကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ၁၂ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့ပါသေးတယ်။

ဒါကြောင့် ရေမဆေးကျောက် ရှာဖွေအသက်မွေးဝမ်းကျောင်းရသူများ နောက်ဆုံးထား ဖယ်ရှားပေးကြရမယ့်  ဇွန်လ ၃၀ ရက်မှာတော့ တစ်စုံတစ်ရာ အဖြေတစ်ခုခုတော့ ရလာဖွယ်ရှိတယ်လို့ပဲ ယူဆရပါတယ်။

အဲဒီရတနာမြေမှာတော့ လက်ရှိဒေသခံအပါအဝင် ရေမဆေးကျောက်ရှာဖွေနေသူ တစ်သောင်းကျော်ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly