The Voice အယ်ဒီတာချုပ်နှင့် သရော်စာ ရေးသားသူကို ၆၆ (ဃ)ဖြင့် တပ်မတော် အမှုဖွင့်

The Voice အယ်ဒီတာချုပ်နှင့် သရော်စာ ရေးသားသူကို ၆၆ (ဃ)ဖြင့် တပ်မတော် အမှုဖွင့်

နေပြည်တော်(မေလ ၁၇ရက်၊ ၂၀၁၇ခုနှစ်) ။              ။ နေ့စဉ်ထုတ် သတင်းစာတစ်စောင်ဖြစ်သည့် The Voice သတင်းစာမှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် အဆိုပါ သတင်းစာတွင် သရော်စာ ရေးသားသူ ဗြိတိသျှကိုကိုမောင်တို့ နှစ်ဦးကို တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်ထားကြောင်း ကာယကံရှင်များက အတည်ပြု ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၆ရက်နေ့ထုတ် The Voice သတင်းစာတွင် ဗြိတိသျှကိုကိုမောင် ကလောင်အမည်ဖြင့် ဖော်ပြခဲ့သော “ကျည်တောင်စုသစ္စာ” ဟု အမည်ရသည့် သရော်စာနှင့်ပတ်သက်ပြီး သတင်းစာအယ်ဒီတာချုပ်နှင့် သရော်စာ ရေးသားသူတို့ကို ရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

“အမှုဖွင့်ထားတာ မှန်တယ်လို့ပဲ ပြောလို့ရသေးတယ်။ ကျန်တာကတော့  မနက်ဖြန် ၁၀နာရီမှာ ကောင်စီနဲ့ တွေ့ရမယ်။ တွေ့ပြီးမှပဲ အခြေအနေအကျိုးအကြောင်း ပြောလို့ ဖြစ်မယ်” ဟု The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက မဇ္ဈိမကို ပြောသည်။

အမှုဖွင့်ထားကြောင်း သဗ္ဗာန်စာကို ဗဟန်းမြို့နယ် ရဲစခန်းက The Voice အယ်ဒီတာအဖွဲ့ထံ ယနေ့ မေလ ၁၇ရက်တွင် အကြောင်းကြားခဲ့ခြင်းလည်း ဖြစ်သည်။

“ဗဟန်းရဲစခန်းကနေ ကျွန်တော်နဲ့ ကိုကျော်မင်းဆွေကို ၆၆(ဃ)နဲ့ တပ်က တရာစွဲထားတယ်ဆိုပြီးတော့ အယ်ဒီတာအဖွဲ့က ကျွန်တော့ကို အကြောင်းကြားလာလို့ သိရတာပါ” ဟု ဗြိတိသျှကိုကိုမောင်က ဆိုသည်။

ထိုသို့ တပ်မတော်က ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု ကာယကံရှင် နှစ်ဦးလုံးက အတည်ပြုပြောဆိုသော်လည်း အမှုဖွင့်တိုင်ကြားသူ၏ အမည်နှင့် ရာထူးကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

The Voice သတင်းစာတွင် ဖော်ပြခဲ့သော “ကျည်တောင်စုသစ္စာ” သရော်စာနှင့်ပတ်သက်ပြီး တပ်မတော်က ဧပြီလဆန်းပိုင်းတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားခဲ့သေးသည်။

ယင်းနောက် မေလ ၁၄ရက်၊ တနင်္ဂနွေနေ့ထုတ် The Voice သတင်းစာတွင် “ကျည်တောင်စုသစ္စာ သရော်စာဆောင်းပါးနှင့် ပတ်သက်၍ အထူးစိတ်မကောင်း ဖြစ်မိပါကြောင်း” ဟူ၍ ပြန်လည် ဖော်ပြခဲ့သည်။

“ကျည်တောင်စုသစ္စာ သရော်စာဆောင်းပါးသည် မြန်မာ့တပ်မတော်ကိုသော်လည်းကောင်း၊ အခြားသော မည်သည့် လက်နက်ကိုင်အဖွဲ့များကိုသော် လည်းကောင်း တိုက်ရိုက်ရည်ညွှန်းထားသော စကားလုံး မပါရှိဘဲ ပြည်တွင်းစစ်ဖြစ်ပွားနေခြင်းကို ရပ်စဲစေလိုသော၊ ငြိမ်းချမ်းရေးကို ရှေးရှုသော ဆန္ဒဖြင့် စာဖတ်သူများရော၊ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးကိုပါ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ခံစားရစေရန် စိတ်ကူးတန်ဆာဆင်ထားသည့် ရယ်ရွှင်ဖွယ် ဟာသရသူ အထူးပြု သရော်စာ အမျိုးအစား သက်သက်သာ ဖြစ်ပါသည်” ဟု The Voice သတင်းစာတွင် ဖော်ပြထားသည်။

ထို့ပြင် “တပ်မတော်အပေါ် တမင် ထိခိုက်နစ်နာစေလိုသော၊ ဂုဏ်သိက္ခာ ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြခဲ့ခြင်း မရှိခဲ့ပါ။ ယင်းသရော်စာသည် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ယူဆဖွယ်ရာ သဘောသက်ရောက်သွားပါက The Voice Daily အနေနှင့် အထူးပင် စိတ်မကောင်းဖြစ်ရပါကြောင်း လေးနက်စွာ အသိပေး ဖော်ပြအပ်ပါသည်” ဟုလည်း ဆိုထားသည်။

အဆိုပါ ဖော်ပြချက်အား "မလုံလောက်ဘူးဆိုပြီးတော့ မနေ့ကမှ တပ်ကပြန်ပြီးတော့ ကောင်စီကို စာပို့လာတယ်” ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဦးမြင့်ကျော်က ပြောသည်။ ယင်းသို့ အကြောင်းကြားစာပေးပို့ပြီးနောက် ယနေ့တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

သရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင်ကလည်း မည်သည့်အဖွဲ့အစည်းကိုမှ ထိခိုက်စေလိုခြင်းမရှိဘဲ ပြည်တွင်းစစ်၏ ဆိုးကျိုးကို သိစေလိုခြင်းကြောင့်သာ ရေးသားခဲ့ခြင်းဖြစ်သည်ဟု မဇ္ဈိမကို ပြောသည်။

ကျည်တောင်စုသစ္စာ သရော်စာဆောင်းပါးတွင် “စစ်တိုက်တယ်ဆိုလို့ တပ်ဖွဲ့အသီးသီးရဲ့ ချစ်လှစွာသော ခေါင်းဆောင်ကြီးတွေက ရာဇဝင်ထဲက မဟာဗန္ဓုလ စစ်သူကြီးလို အမြောက်ဆန်၊ ဗုံးဆန်ကြား ရွပ်ရွပ်ချွံချွံ ကွပ်ကဲကြတယ် မထင်နဲ့ အောက်က ငတိတွေချည်း အသေလှမ့်ဆော်ရတာ” ၊ “အောက်ခြေ ရဲဘောတွေတိုက်လို့ သတ်လို့ သေလို့ ဝရင်ဖြင့် ခေါင်းဆောင်ကြီးတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုတာကြီးတွေ ခဏခဏ ကျင်းပကြသေးတာ” ၊ “ရှေ့တန်းရောက် နှစ်ဖက် စစ်သားတွေကသာ အချင်းချင်း ဖင်ပြဲအောင် ပစ်နေခတ်နေကြတာနော်” စသဖြင့် ပါရှိသည်။

ယခုကဲ့သို့ အမှုဖွင့်တိုင်ကြားမှုအပေါ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က “ကျွန်တော့အမြင်မှာက ဒီ ၆၆ဃ မသုံးသင့်ဘူးလို့ ထင်တယ်။ ဒါပေမယ့် အစိုးရတို့၊ တပ်တို့က ဒီဟာကို ခနခနလည်းသုံးတယ်။ အခုအချိန်အထိလည်း သုံးနေဆဲပဲ။ နောက်တစ်ခုက တပ်ဘက်က သဘောထားကြီးကြောင်း၊ သည်းခံမှုရှိကြောင်းကို ပြသင့်တယ်လို့ ကျွန်တော်ထင်တယ်။ အဲ့လို မပြတဲ့ဟာက တပ်အတွက်လည်း နာမည်မကောင်းဘူး။ ပုံရိပ်မကောင်းဘူး။ မီဒီယာအတွက်လည်း ကြောက်လန့်စရာတစ်ခု ဖြစ်လာလိမ့်မယ်” ဟု မှတ်ချက်ပြုသည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) တွင် ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ် တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း(သို့မဟုတ်) ခြိမ်းခြောက်ခြင်းလုပ်သူများကို အရေးယူရန် ပြဌာန်းထားသည်။ ဥပဒေတွင် ယင်းပုဒ်မသည် အာမခံ မရနိုင်ကြောင်း ဖော်ပြထားသေးသည်။ ထိုပုဒ်မအတွက် ပြစ်ဒဏ် သတ်မှတ်ချက်သည် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း ပြဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required