NLD အနေဖြင့် နိုင်ငံပိုင်မီဒီယာကို ဖြစ်သင့်သည်ထက်ပိုအသုံးချဟု ဦးရဲထွဋ်ဝေဖန်

NLD အနေဖြင့် နိုင်ငံပိုင်မီဒီယာကို ဖြစ်သင့်သည်ထက်ပိုအသုံးချဟု ဦးရဲထွဋ်ဝေဖန်

ရန်ကုန်၊ မေ ၁၇ ။          ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် နိုင်ငံပိုင်မီဒီယာကို ဖြစ်သင့်သည့် ပမာဏထက်ပိုအသုံးချသည်ဟု ပြန်ကြားရေးဝန်ကြီး (ငြိမ်း) ဦးရဲထွဋ်က စွပ်စွဲပြောဆိုလိုက်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ၏ နာယက ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်တို့၏ ဆောင်ရွက်ချက်များကို   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ (၁၃)ခုက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ မေလ (၈)ရက် ရက်စွဲဖြင့် ကန့်ကွက်စာတင် ခဲ့သည့်စာနှင့် ပတ်သက်ပြီး ဦးရဲထွဋ်၏ အမြင်ကို မေးမြန်းမှုကို ၎င်းက ယင်းသို့ ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

“ဘယ်အစိုးရမဆိုပေါ့ နိုင်ငံပိုင်မီဒီယာကို အသုံးချတာပဲ ကျွန်တော်တို့လည်းအသုံးချခဲ့တာပဲ သို့သော် တရားလက်လွတ်အလွန်အကျွံတော့ မဖြစ်သင့်ဘူးပေါ့။ လိမ်လိမ်မာမာ ပါးပါးနပ်နပ်လုပ်သင့်တယ်။ ခုနက ဦးဝင်းထိန်တို့ လုပ်လိုက်တဲ့ဟာကတော့ ဖြစ်သင့် ဖြစ်ထိုက်တာထက် ပမာဏပိုသွားလို့ကန်ကွက်တာလို့မြင်တယ်" ဟု ၎င်းကပြောဆိုသည်။

ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့ကလည်း မတ်လ ၃၁ရက် ညပိုင်းတွင် MRTV မှ သဘောထားအမြင်တင်ပြချက်များကို ပြောကြားခဲ့ခြင်းနှင့် ၎င်းတို့၏ ပြောဆိုချက်များကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပသည့် ဧပြီလ ၁ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ခြင်းသည် “နိုင်ငံပိုင်မီဒီယာကို အသုံးချလျက် သွယ်ဝိုက်သောနည်းဖြင့် မဲဆွယ်စည်းရုံးပေးရာ ရောက်ပါသည်” ဟု ၁၃ ပါတီ၏ ကန့်ကွက်စာတွင် ဖော်ပြထားသည်။

အလားတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ တာဝန်ယူမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)နှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ မတ်လ ၃၀ရက် ညပိုင်းက ပြောကြားခဲ့သော မိန့်ခွန်းနှင့်ပတ်သက်ပြီး ကန့်ကွက်ထားခြင်းလည်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက အဆိုပါမိန့်ခွန်းများမှာ နိုင်ပိုင်မီဒီယာတွင် မဖော်ပြမီ တစ်ရက်ကပြောကြားထားခြင်းဖြစ်နိုင်ပြီး ၎င်းအနေဖြင့် ပါတီအတွက်မဲဆွယ်ခြင်းလည်းမဟုတ်ကြောင်း မေ ၁၂ ရက်တွင် မဇ္ဈိမသို့ဖြေကြားထားသည်။

“ဦးဝင်းထိန်နဲ့ ဦးတင်ဦးမိန့်ခွန်းကို ထည့်တာတော့ ကျွန်တော်ထင်တယ်လေ နိုင်ငံပိုင်မီဒီယာရဲ့အားသာချက်ကို အသုံးချသွားတာလွန်သွားတယ်လို့မြင်တယ်။ မသင့်တော်ဘူး မြင်မကောင်းဘူး ဒါကြောင့်လည်း သူတို့က ကန့်ကွက်တာပေါ့" ဟု ဦးရဲထွဋ်ကဆက်လက်ပြောဆိုသည်။

NLD ပါတီကမူ နိုင်ငံရေးပါတီ ၁၃ပါတီ၏ ကန့်ကွက်စာနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ကိုနာခံမည်ဖြစ်ကြောင်း NLD နာယက ဦးတင်ဦးက ပြောထားသည်။

ပါတီ ၁၃ ပါတီ၏ ရွေးကောက်ပွဲကော်မရှင်သို့ ပို့သည့် ကန့်ကွက်စာတွင် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(NLD)မှ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့၏ ဆောင်ရွက်ချက်များသည် ဥပဒေပြဌာန်းချက်များကို ဖောက်ဖျက်ရာရောက်သဖြင့် ဥပဒေနှင့်အညီ အရေးယူပေးပါရန် ဖော်ပြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ဟိုးက “ကျွန်တော်ကတော့ ညိစွန်းခြင်းမရှိဘူးပဲပြောရမှာပေါ့" ဟု ပြောဆိုထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌအပါအဝင် အဖွဲ့ဝင်များမှ စတင်လေ့လာနေပြီး ဥပဒေနှင့်အညီ ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက မေ ၁၅ ရက်တွင် ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags