ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ပါက မန်ယူအသင်း ပေါင်သန်း ၅၀ ကျော် ဆုံးရှုံးမည်

ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ပါက မန်ယူအသင်း ပေါင်သန်း ၅၀ ကျော် ဆုံးရှုံးမည်

မေ ၁၇၊ အင်္ဂလန် ။           ။ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင်ကျင်းပပြုလုပ်မည့် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် အေဂျက်ဇ်အသင်းကို ရှုံးနိမ့်ခဲ့ပါက မန်ယူအသင်းအနေဖြင့် ပေါင်သန်း ၅၀ ကျော် ဆုံးရှုံးမည် ဖြစ်သည်။

အဆိုပါ ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် အနိုင်ရသည့်အသင်းသည် လာမည့်နှစ်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ခွင့် ရရှိမည် ဖြစ်သည်။

မန်ယူအသင်းအနေဖြင့် adidas နှင့် ချုပ်ဆိုထားသော စာချုပ်အရ ချန်ပီယံလိဂ်ဝင်ခွင့်မရပါက တစ်နှစ်စပွန်ဆာကြေးမှ ၃၀ ရာခိုင်နှုန်း ဖြတ်တောက်ခံရမည် ဖြစ်သည်။ မန်ယူနှင့် adidas တို့သည် ပေါင်သန်း ၇၅၀ တန်ကြေးရှိ ၁၀ နှစ်စပွန်ဆာစာချုပ် ချုပ်ဆိုထားခြင်းဖြစ်သည်။

ထို့ကြောင့် မန်ယူအသင်းသည် ချန်ပီယံလိဂ်ဝင်ခွင့်မရပါက တစ်နှစ်စပွန်ဆာကြေး ပေါင် ၇၅ သန်းမှ ပေါင်သန်း ၂၀ ကျော် ဖြတ်တောက်ခံရမည် ဖြစ်သည်။

မန်ယူအသင်းအနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရပါက အနည်းဆုံးပေါင်သန်း ၃၀ ရရှိမည်ဖြစ်သည့်အတွက် အေဂျက်ဇ်ကို ရှုံးခဲ့ပါက စုစုပေါင်း ဆုံးရှုံးမှုငွေပမာဏမှာ ပေါင်သန်း ၅၀ ကျော်သွားမည် ဖြစ်သည်။

မန်ယူအသင်း၏ ဘဏ္ဍာရေးအရာရှိ ကလစ်ဖ်ဘက်တီက ချန်ပီယံလိဂ်ဝင်ခွင့်နှင့် adidas သည် မန်ယူအသင်းအတွက် ကြီးမားသည့် ဆုလာဘ်များပါဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly