ထိုင်းအိုးပင်း ကရာတေးပြိုင်ပွဲ တွင်မြန်မာငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ် တစ်ခုရရှိ

ထိုင်းအိုးပင်း ကရာတေးပြိုင်ပွဲ တွင်မြန်မာငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ် တစ်ခုရရှိ
ငွေတံဆိပ်ရယူနေသော မေသူချို(၀ဲအစွန်)။ (ဓာတ်ပုံ - ကရာတေးအဖွဲ့ချုပ်)။

သြဂုတ် ၁၊ ရန်ကုန် ။        ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဇူလိုင် ၂၆ ရက်မှ ၃၀ ရက်ထိ ပြုလုပ်ခဲ့သော ၂၀၁၅ ခုနှစ် ထိုင်းအိုးပင်းကရာတေးချန်ပီယံရှစ် ပြိုင်ပွဲ၌ မြန်မာကရာတေး အားကစား အဖွဲ့မှ ငွေတံဆိပ် နှစ်ခုနှင့် ကြေးတံဆိပ် တစ်ခု ရယူနိုင်ခဲ့သည်။

ထိုင်းအိုးပင်း ကရာတေးချန်ပီယံရှစ်ပြိုင်ပွဲတွင် စီနီယာပြိုင်ပွဲနှင့် ဂျူနီယာပြိုင်ပွဲဟူ၍ အမျိုးအစားနှစ်ခု ခွဲခြားထားပြီး စီနီယာ ပြိုင်ပွဲတွင် ဝိတ်တန်းအလိုက် တစ်ဦးချင်း ကုမိတဲ့ပြိုင်ပွဲများ၊ အသင်းလိုက် ကုမိတဲ့ပြိုင် ပွဲနှင့် အသင်းလိုက် ခတပြိုင်ပွဲများပါ ဝင်ခဲ့သည်။

အလားတူ ဂျူနီယာပြိုင်ပွဲတွင်လည်း ဝိတ်တန်းအလိုက် ကုမိတဲ့ပြိုင်ပွဲများ ပါဝင်ခဲ့သလို တစ်ဦးချင်း ခတပြိုင်ပွဲနှင့် အသင်းလိုက် ခတပြိုင်ပွဲများ ပါဝင်ခဲ့သည်။ ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ငွေတံဆိပ် နှစ်ခုကို စီနီယာ အမျိုးသားခတမှ မင်းဟိန်းခန့်၊ အောင်မြင့်မြတ်၊ ကျော်ဇင်ဖြိုးတို့ အတွဲမှလည်းကောင်း၊ ဂျူနီယာအမျိုးသမီး ကုမိတဲ့ပြိုင်ပွဲမှ မေသူချိုကလည်း ကောင်း ရယူပေးခဲ့ပြီး ကြေးတံဆိပ်တစ်ခုကို စီနီယာ အမျိုးသမီးအသင်းလိုက် ကုမိတဲ့မှ နွေးနွေးဇော်ဝင်း၊ သဇင်အေးနှင့် ဧပရယ်ဖောတို့အတွဲမှ ရယူပေးခဲ့သည်။

ထိုင်းအိုးပင်း ကရာတေးချန်ပီယံရှစ်ပြိုင်ပွဲတွင် အာဆီယံ ဒေသတွင်း နိုင်ငံများအပြင် အာရှမှ ကာဇတ်စတန်၊ ကူဝိတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဆီးရီးယားစသည့် နိုင်ငံများသာမကဘဲ ပြင်သစ်၊ အင်္ဂလန်၊ တူရကီ၊ ဆွီဒင်နိုင်ငံများ ပါဝင်ခဲ့သည်။

ပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း ၃၁ နိုင်ငံမှ ကစားသမား ၇၀၀ ရာကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည်။ ပြိုင်ပွဲ၌ အင်ဒိုနီးရှားနိုင်ငံက ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ခြောက်ခုနှင့် ကြေးတံဆိပ် ၁၇ ခုရရှိကာ အိမ်ရှင် ထိုင်းနိုင်ငံကို ဖြတ်ကျော် ပြီး နိုင်ငံအလိုက် ပထမနေရာရရှိသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required