တောင်သူတွေ့ဆုံဆွေးနွေးပွဲ ပိတ်ပင်ခံရမှုအတွက် မန္တလေးမြို့တော်ဝန်နှင့် သက်ဆိုင်သူများကို တရားစွဲမည်ဟုဆို

တောင်သူတွေ့ဆုံဆွေးနွေးပွဲ ပိတ်ပင်ခံရမှုအတွက် မန္တလေးမြို့တော်ဝန်နှင့် သက်ဆိုင်သူများကို တရားစွဲမည်ဟုဆို

မန္တလေး၊ မေ ၁၆ ။                       ။ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ မြို့တော်ခန်းမတွင် (၂၀၁၇)ခုနှစ် မေ(၁၆)ရက်တွင် တောင်သူတွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ထားသော်လည်း ပိတ်ပင်ခံရသဖြင့် တောင်သူများဘက်မှ မန္တလေးမြို့တော်ဝန် နှင့် သက်ဆိုင်သူများကို နိုင်ငံသားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ (၁၇)ဖြင့် တစ်ပတ်အတွင်းတရားစွဲဆိုသွားမည်ဟု မီဒီယာများကို ပြောသည်။

တောင်သူများက မန္တလေးမြို့တော်ဝန် နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ညွှန်ကြားရေးမှူး၊ ပြင်ဦးလွင်ခရိုင် မြို့တော်စည်ပင်သာယာရေးကော်မတီ လက်ထောက်ညွှန်ကြားရေးမှူးတို့ကိုဦးတည်ကာ တရားစွဲဆိုမည်ဟု ဆိုသည်။

''နှစ်ပေါင်းများစွာ နစ်နာခဲ့ရတဲ့ တောင်သူတွေအတွက် စေ့စပ်ညှိနှိုင်းရေးလုပ်ဖို့အတွက် ဒီပွဲကို စီစဉ်ဖြစ်တယ်။ ဒီပွဲက ဆန္ဒပြတာမဟုတ်ဘူး၊ သက်ဆိုင်ရာအဖွဲ့တွေနဲ့ စေ့စပ်ညှိနှိုင်းဖို့အတွက် ရည်ရွယ်ကျင်းပတာပါ၊ အခုလို ပျက်သွားလို့ တောင်သူတွေအားလုံး နစ်နာတာပါ၊ ငွေရေးကြေးရေးကြောင့် မဟုတ်ပါဘူး၊ တောင်သူတွေ နစ်နာမှု၊ လူအခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် ချိုးဖောက်သူတွေကို တရားစွဲဆိုသွားမှာပါ'' ဟု ခန်းမငှားရမ်းသူ ဦးစိုင်းကျော်အေးက ပြောသည်။

ပြင်ဦးလွင် မြို့တော်ခန်းမသည် နိုင်ငံပိုင်ဖြစ်၍ တက်ရောက်မည့် လူဦးရေစာရင်း နှင့် အချက်အလက် အသေးစိတ်ကို တင်ပြနိုင်မှသာ ငှားရမ်းခွင့်ပြုမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်ကို (၂၀၁၇)ခုနှစ် မေ(၁၅)ရက် ည(၇)နာရီဝန်းကျင်က ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ခရိုင်အုပ်ချုပ်ရေးမှူးက ထုတ်ပြခဲ့ကြောင်း ၎င်းက ဆိုသည်။

''စေ့စပ်ညှိနှိုင်းရေးပွဲကို ပြုလုပ်မယ်ဆိုပြီး ပြင်ဦးလွင်မြို့တော်ခန်းမကို အရင်ဆုံး ငှားပါတယ်၊ သူတို့က (၁၆)ရက်နေ့ အားပါတယ်၊ (၁၆)ရက်နေ့ ရပါတယ်ဆိုလို့ ဖိတ်စာရိုက်ပြီး ပွဲစီစဉ်တာဖြစ်ပါတယ်၊ ပွဲမကျင်းပခင် တစ်ရက်အလို နံနက်ပိုင်းကတည်းက သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကို ဖိတ်စာပို့တယ်၊ ပို့တဲ့အချိန်မှာ မလုပ်ဖို့ တားမြစ်လို့ရတယ်၊ အဲလို မဟုတ်ဘဲ ညအချိန်မတော် မနက်ဖြန် ကျင်းပတော့မယ်ဆိုတဲ့အချိန်မှ မလုပ်ဖို့လာတားတယ်၊ အဲလိုလုပ်တော့ အခြားခန်းမကိုရွေ့ဖို့လည်း ဘယ်လိုမှ အဆင်မပြေဘူး၊ ေ့ရှနေနဲ့ တိုင်ပင်ပြီး တပတ်အတွင်း နစ်နာမှုတွေ ဖြေရှင်းဖို့ စာပို့မယ်၊ လူအခွင့်အရေးချိုးဖောက်သူတွေကို တရားစွဲဆိုသွားမယ်'' ဟု ခန်းမငှားရမ်းသူ ဦးစိုင်းကျော်အေးက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ပြင်ဦးလွင်မြို့တော်ခန်းမ မန်နေဂျာ ဦးဌေးအောင်ကိုဆက် သွယ်မေးမြန်းရာတွင် ' ရုံးမှာ တရားဝင်စာဝင်လာတယ်၊ အကြောင်းအရာကို သူတို့ကို ပြပြီးဖြစ်ပါတယ်၊ အထက်က ခွင့်မပြုတာကို သူတို့ကို ပေးဖတ်ပြီးပါပြီး၊ ခန်းမတစ်ခု ငှားရင် အထက်က ထောက်ခံစာယူရပါတယ်၊ ရဲ၊ ခယက၊ မယက စတဲ့ ထောက်ခံစာတွေယူပြီးမှ ငှားရမှာပါ၊ သူတို့ဆီက ထောက်ခံစာမပါဘဲ ငှားလိုက်လို့ဖြစ်သွားတာပါ၊ '' ဟု ပြန်လည် ပြောကြားသည်။

အခြားကဏ္ဍအသီးသီးမှာ ဆွေးနွေးပွဲ၊ ညှိနှိုင်းပွဲများ ပြုလုပ်ခွင့်ရရှိသော်လည်း တောင်သူလယ်သမားဆွေးနွေးပွဲ ခွင့်မပြုခဲ့မှုအပေါ် နစ်နာမှု၊ လူအခွင့်အရေးကို ချိုးဖောက်ခံရမှု၊ နိုင်ငံသားအခွင့်အရေး နစ်နာမှု စသည့်အချက်များဖြင့် ချိုးဖောက်သူများအား တပတ်အတွင်း ဥပဒေကြောင်းအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly