ဆီလီကွန်တောင်ကြားလမ်းက ပြန်ခဲ့တယ်

ဆီလီကွန်တောင်ကြားလမ်းက ပြန်ခဲ့တယ်

(OwayInc: (အိုးဝေစီးပွားရေးလုပ်ငန်း) တည်ထောင်သူ ကိုနေအောင်နှင့် တွေ့ဆုံခြင်း)

ပြည်တွင်း အွန်လိုင်းနှင့် မိုဘိုင်း သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း Oway.comနှင့် Owayride ၏ တည်ထောင်သူနှင့် အမှုဆောင်အရာရှိ ချုပ်ဖြစ်သူ ကိုနေအောင်သည် နည်းပညာဝန်ဆောင်မှုလုပ်ငန်းများမှတဆင့် နေ့စဉ်လူနေမှုဘဝအခက်အခဲများကို ဖြေရှင်းပေးရန် စိတ်အားထက်သန်သူတစ်ဦးဖြစ်သည်။ သူသည် မြန်မာပြည် စီးပွားရေးလုပ်ငန်းများကို မစတင်ခင် သူ၏ဘဝကို ဆီလီကွန်တောင်ကြားလမ်း Mountain View ရှိ Google ရုံးချုပ်တွင် အချိန် ၄ နှစ်ကျော်ကြာအောင် မြှုပ်နှံထားသူဖြစ်သည်။ သူသည် Google တွင် ဒါရိုက်တာရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ကိုနေအောင်သည် Google Mobile Wallet Team (မိုဘိုင်းပိုက်ဆံအိတ်အဖွဲ့) ၏ ကနဦးအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

ကိုနေအောင်သည် မြန်မာနိုင်ငံရေးအကူးအပြောင်းကာလ အစောပိုင်းအချိန်တစ်ခုဖြစ်သည့် ၂၀၁၁ ခုနှစ်တွင် ပြည်တော်ပြန်လာခဲ့ ပြီး ၁ နှစ်အတွင်း မြန်မာပြည်တွင် စီးပွားရေးတစ်ခု စတင်ရန် အချိန်ယူ လေ့လာခဲ့သည်။ စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်နိုင်ဖို့ ရုံးခန်းနေရာကောင်းတစ်ခုရှာဖွေရာ အဆင်မပြေဖြစ်ခဲ့ပြီး နောက်ဆုံးတွင် သူခေတ္တတည်းခိုရာ Summit Park View ဟိုတယ်အနီးရှိ ကော်ဖီဆိုင်တစ်ခုရှိ စားပွဲပေါ်တွင် အချိန် ၄ လခန့် အခြေချခဲ့ရသည်ဟု ကိုနေအောင်က ဆိုသည်။

 ထိုနေရာမှ အစပြုကာ သူ၏ စီးပွားရေးဝက်ဆိုဒ် ဖြစ်သည့် Oway.com ကို ဖန်တီးနိုင်ခဲ့သည်။ ယခုအခါ သူ၏ Oway.com ကို မြန်မာပြည်သို့ လာရောက်သော ကမ္ဘာလှည့်ခရီးသည် ၂၀ ရာခိုင်နှုန်းခန့် အသုံးပြုလျက်ရှိသည်ဟု သိရသည်။

ထို့အပြင် ကိုနေအောင်သည် ပြီးခဲ့သည့်နှစ်က Owayride တက္ကစီအငှားယာဉ် မိုဘိုင်းဝန်ဆောင်မှုလုပ်ငန်းကို တိုးချဲ့ထားပြီး ယင်းအပ်ပလီကေးရှင်းကို သုံးစွဲသူပေါင်း ၁၂၀၀၀၀ ကျော် ရှိလာပြီဖြစ်သည်။

 မေလအတွင်း ပြုလုပ်ခဲ့သည့် မဇ္ဈိမမီဒီယာနှင့် ကိုနေအောင်၏ သီးသန့်အင်တာဗျူးတစ်ခုတွင် စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ တက္ကစီအငှားယာဉ်ပေါင်း ခုနှစ်သောင်း (၇၀၀၀၀) ရှိနေပြီး ထိုပမာဏသည် စင်ကာပူနိုင်ငံ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွင်း ဝန်ဆောင်မှုပေးလျက်ရှိသည့် တက္ကစီအရေအတွက်ထက် ၂ဆခွဲကျော် ပို၍ များပြားသော ပမာဏလည်းဖြစ်နေရာ လက်ရှိဖြစ်ပေါ်နေသော မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုပြသနာကို ကိုယ်ပိုင်အုပ်ချုပ်စီမံခန့်ခွဲမှုစနစ် (Autonomous Vehicle System) ဖြင့် တစ်ချိန်တွင် ကိုင်တွယ်သွားချင်သည်ဟု ကိုနေအောင်က ပြောပြလာသည်။

ယခုဆက်လက်ဖော်ပြမည့် အကြောင်းအရာများသည် ကိုနေအောင် Oway Inc:(အိုးဝေစီးပွားရေးလုပ်ငန်း) ကို တည်ထောင်ဖြစ်ပုံ၊ သူဖြတ်သန်းခဲ့ရသော အတွေ့အကြုံများကို   မြန်မာနိုင်ငံ စီးပွားရေးဝန်းကျင်အခြေအနေတစ်ချို့နှင့် ထောက်ဆ၍ မဇ္ဈိမမီဒီယာ၏ အကြီးတန်းစီးပွားရေးသတင်းထောက်နှင့် ရုပ်မြင်သံကြားဌာန ထုတ်လုပ်သူဖြစ်သူ ကိုအောင်သူရက   မေးမြန်းတင်ဆက်ထားခြင်းဖြစ်သည်။

အောင်သူရ။   ။ Oway ကို မတည်ထောင်ခင် အမေရိကန်မှာ ဘာတွေ လုပ်ခဲ့လဲခင်ဗျ

ကိုနေအောင်။   ။ နိုင်ငံခြားမှာ နေခဲ့တာက ၁၄ နှစ်လောက်ရှိမယ်ခင်ဗျ၊ အလုပ်လုပ်တာက ၇ နှစ်လောက်ပေါ့၊ ပထမဦးဆုံး ကျွန်တော် ကျောင်းတက်နေရင်းနဲ့ Blue Lithium ဆိုတဲ့ Start-up Business တစ်ခုမှာ အရင်ဆုံးလုပ်တာ ကျောင်းကနေပြီး Internship ဆင်းတာပေါ့၊ အဲဒိကုမ္ပဏီကို ကျွန်တော်တို့ စတင်တည်ထောင်ပြီးတဲ့ အချိန်မှာ ကုမ္ပဏီကို ၃ နှစ်အတွင်းမှာ Yahoo က အမေရိကန်ဒေါ်လာ ၃၂၅ သန်းနဲ့ ဝယ်သွားတယ်ခင်ဗျ၊ အဲမှာ ကျွန်တော်က Founder တော့ မဟုတ်ပါဘူး၊ အဲဒိမှာကျွန်တော်က Product Manager တစ်ယောက်ပါ၊ အဲဒါပြီးတော့ ကျွန်တော် Google ကို ရောက်သွားပါတယ်ခင်ဗျ။ Google မှာ ကျွန်တော် ၄ နှစ်လောက် ကြာပါတယ်ခင်ဗျ။

အောင်သူရ။   ။ ကိုနေအောင်အနေနဲ့ Google လို ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုမှာ အခြေကျနေပြီးတော့မှ ဘာဖြစ်လို့ မြန်မာပြည်ကို ပြန်လာရတာလဲဗျ

ကိုနေအောင်။   ။ ကျွန်တော် ပြန်လာရတာက အကြောင်း ၂ ခုရှိတယ်ဗျ၊ အဲတုန်းက ၂၀၁၁ ခုနှစ်ပေါ့နော်၊ မပြန်ခင်မှာ ကျွန်တော် ၁ နှစ် စဉ်းစားတယ်။ ပထမ ၁ ချက်က အစိုးရက နိုင်ငံရေးပြုပြင်ပြောင်းလဲမှု (Political Reform) ကို လုပ်မယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။ ဒုတိယတစ်ချက်က ဆက်သွယ်ရေးကဏ္ဍ(Telecommunication Industry) ကို ပိုပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေလုပ်မယ်ဆိုတာကိုလည်း ကျွန်တော် ယုံကြည်ထားတယ်။ အဲဒိ ၂ ချက်ကြောင့် ကျွန်တော် ပြန်လာခဲ့တာပါခင်ဗျ။ မြန်မာပြည်ကို မလာလဲ ဟိုဘက်မှာ တစ်ခုခုကိုကျွန်တော် စချင်နေပြီဗျ။

ကျွန်တော်စိတ်ထဲမှာ တစ်ခုခုလုပ်နိုင်ပြီလို့ ယုံကြည်နေပြီဗျ။ ပြန်ကြည့်တဲ့အခါမှာ အမေရိကန်မှာစမလား၊ မြန်မာပြည်မှာ စမလားပေါ့နော်၊ အဲဒါနဲ့ မြန်မာပြည်မှာ စဖြစ်သွားတာပေါ့။

အောင်သူရ။   ။ ၂၀၁၂ လုပ်ငန်းစတော့ ကိုနေအောင် ဝန်ထမ်းဘယ်လောက်နဲ့ စတင်ခဲ့ပြီးတော့ ဘယ်လို နေရာမှာ အလုပ်စလုပ်ခဲ့တာလဲ? အဲဒိအကြောင်းကို သိချင်ပါတယ်

ကိုနေအောင်။   ။ ကျွန်တော် ၂၀၁၂ အောက်တိုဘာမှာ စတဲ့အခါမှာ ကျွန်တော့်ဆီမှာ ဝန်ထမ်းက ၅ ယောက်၊ သူတို့က လူငယ်တွေပဲခင်ဗျ၊လူငယ်တွေပဲ Internet Industry ကို ယုံကြည်ပြီး Adopt လုပ်နိုင်တာပေါ့ခင်ဗျ။ အခက်အခဲတွေက တော့ အများကြီးပဲခင်ဗျ။ ကျွန်တော်တို့ စတဲ့အခါမှာ (ဥပမာ-ဟိုတယ်တွေကို Bookingလုပ်ရင် ကျွန်တော်တို့ Real time Information တွေ ပေးချင်တာပေါ့ခင်ဗျာ။ ဒါပေမယ့် Hotel တွေမှာ အဲဒိစနစ်မရှိဘူး၊ လေယာဉ် လက်မှတ်တွေအတွက်လည်း အဲလို စနစ်တွေ မရှိဘူး၊ အဲတော့ ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ၊ ငွေပေးချေမှုမှာလည်း Credit ကဒ်နဲ့ လုပ်မယ်ဆို အစက အဲဒိစနစ်တွေ မရှိဘူး၊ ကျွန်တော်တို့ Credit Card System တွေကို အကုန်လုံး Set up လုပ်ရတယ်၊Payment Settlement တွေပါ အကုန်လုံး ပြန်လုပ်ရတာပေါ့။ အဲတော့ Operation ပိုင်းအရရော၊ လူငှားတဲ့ အရရော သူ့ဟာသူ စိန်ခေါ်စရာတွေတော့ အရမ်းရှိနေပါတယ်။

အောင်သူရ။   ။ မြန်မာပြည်အနေနဲ့က အဲဒိလို အချိန်တွေမျိုးမှာ ဆိုရင် လုပ်ငန်းကြီးထွားဖို့ ငွေကြေးအရင်းအမြစ်၊ လူသားအရင်းအမြစ်နဲ့ အခြေခံအဆောက်အဦးကဏ္ဍဖွံ့ဖြိုးဖို့ လိုအပ်ချက်တွေ များနေတယ်ဗျ၊ လက်ရှိအချိန်မှာလဲ ဖြစ်နေတုန်းပဲ၊ ကိုနေအောင်အနေနဲ့ ဒါတွေကို လုပ်ငန်းကြီးထွားဖို့ အခက်အခဲတွေ ဖြစ်နေတုန်းပဲလို့ မြင်လားဗျ

ကိုနေအောင်။  ။ ကျွန်တော် ရောက်လာစက တော်တော်အခက်အခဲဖြစ်တယ်ဗျ၊ ပထမတစ်ခုက ကျွန်တော်လိုချင်တဲ့ နည်းပညာအတွက်ကို Team တစ်ခုကို ဖွဲ့တာပေါ့၊လိုအပ်သလောက် လိုသလောက် Team က မရလာဘူး၊ အလုပ်က နည်းပညာအပေါ်မှာ အခြေခံပြီးတော့ လုပ်တာဖြစ်တာကြောင့် ကျွန်တော်တို့ အင်ဂျင်နီယာတွေ ငှားတဲ့အခါမှာ ကျွန်တော်တို့ လိုချင်တဲ့ အင်ဂျင်နီယာတွေ မရှိဘူးခင်ဗျ၊ အဲတော့ အင်ဂျင်နီယာတွေ အကုန်လုံးကို အိန္ဒိယကနေ ခေါ်လိုက်တယ်၊ အဲဒိအခါမှာ အိန္ဒိယက အင်ဂျင်နီယာနဲ့ မြန်မာပြည်မှာ နေ့တိုင်းဆက်သွယ်နေရတယ်၊ Product ကို ဖွံ့ဖြိုးအောင် လုပ်ရတာကို၊ Product တစ်ခု Better Version အနေနဲ့ ဖွံ့ဖြိုးဖို့ ဆိုရင် အချိန် ၆လ ကနေ ၈ လလောက် ကြာတယ်ဗျ၊ အဲတော့ ပထမဆုံးအနေနဲ့ အခြေခံအဆောက်အဦးကဏ္ဍအနေနဲ့ ခက်ခဲမှုတွေ တွေ့ရတာပေါ့။

အောင်သူရ။    ။ ဘယ်လိုကျော်လွှားခဲ့ရသလဲ

ကိုနေအောင်။   ။ အဲတော့ တစ်ဖြည်းဖြည်းနဲ့ မြန်မာပြည်ရဲ့ စီးပွားရေးအခင်းအကျင်းနဲ့ အခြေအနေကို ကိုယ်က နားလည် ရတယ်၊ နည်းပညာက မြန်မာပြည်မှာ မရှိသေးရင် နိုင်ငံခြားက လူနဲ့ မြန်မာပြည်က လူကို ဘယ်လို ချိတ်ဆက်ရမလဲဆိုတာကို ကျွန်တော် နားလည်လာတယ်၊အဲဒါက နောက်ပိုင်း အရေးကြီးတယ်ဆိုတာကို ကျွန်တော် တွေ့လာရတယ်။

အောင်သူရ။    ။ Oway ကို စတည်ထောင်တုန်းက ကိုနေအောင်တစ်ယောက်ထဲလား၊ လုပ်ဖော်ကိုင်ဖက်တွေ ရှိခဲ့သလား

ကိုနေအောင်။  ။မြန်မာပြည်ကို ပြည်လာပြီး စီးပွားရေးလုပ်ဖို့ စဉ်းစားတဲ့အခါမှာ ကျွန်တော့်မှာ Google မှာ တစ်ယောက်ရှိတယ်ဗျ၊ ကျွန်တော့်အသိပေါ့ခင်ဗျ။ သူက အခုဆိုရင်တော့ တော်တော်ကို နေရာရတဲ့သူတစ်ယောက်ဖြစ်နေပြီခင်ဗျ၊ ။ ဒါပေမယ့် တကယ်တကယ့်ကို မြန်မာပြည်ပြန်ပြီးတော့ စီးပွားရေးလုပ်မယ်ဆိုတော့ သူက လက်တွဲဖြုတ်သွားတယ်ခင်ဗျ။အဲတော့ အဲဒိအချိန်မှာ တော်တော်အခက်အခဲတွေ ဖြစ်တယ်ဗျ။ အဲလိုမျိုးပဲ စမယ်ဆိုတုန်းက ငွေစိုက်ထည့်မယ်ဆိုတဲ့ လူမျိုးလည်း ရှိတယ်ခင်ဗျ။

အောင်သူရ။   ။ စကားဖြတ်မေးပါရစေ၊ နောက်ဆုတ်သွားတယ်ဆိုတာ အဲအချိန်တုန်းက နိုင်ငံခြားသားတစ်ယောက်အနေနဲ့ ဒီနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ ယုံကြည်မှုမရှိလို့လား

ကိုနေအောင်။   ။ တကယ်တကယ့်ကျတော့ သူ မစွန့်စားရဲတာပါ။

အောင်သူရ။   ။ နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီမှာ ဘယ်လိုမျိုး စွန့်စားလုပ်ကိုင်ခဲ့ရလဲ

ကိုနေအောင်။  ။ ကျွန်တော် Google မှာ တော်တော်လေးကို အသားကျနေပြီ။ ရာထူးကလည်း အခြေကျနေပြီ၊ အကုန်လုံးပဲ။ အဲဒါကို ကျွန်တော် အကုန်လုံး စွန့်ခဲ့တာပေါ့ဗျာ။ ဒီမှာ မိနစ်တိုင်း ကျွန်တော် အလုပ်မလုပ်ဖူးဆိုရင် အပြစ်ရှိသလို ခံစားရတယ်။ ပထမ ၂ နှစ်က အရမ်းခက်ခဲတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဟိုဖက် ဒီဖက် အပြောင်းအလဲပေါ့နော်။ အဲဒိအချိန်မှာ ဟိုဘက်မှာ ကျွန်တော် Director ဖြစ်နေပြီ။ Director ဆိုတော့ အဲဒိအချိန်မှာ လူ ၂၂ ယောက်လောက်က ကျွန်တော့်ကို Report လုပ်နေပြီပေါ့နော်။ အဲဒါကို ကျွန်တော် စွန့်လွှတ်ပြီးတော့ ဒီဘက်မှာ ပထမဆုံး ၁ ယောက်နဲ့ စခဲ့ရတာပေါ့နော်။

အောင်သူရ။   ။ အဲဒိအချိန်မှာ နောက်ကြောင်းပြန်လည့်ဖို့ ၊ ဥပမာ- Sillicon Valley ကို ပြန်သွားဖို့အတွက် စိတ်ကူူးတွေဘာတွေ မပေါ်ခဲ့ဖူးလား။

ကိုနေအောင်။   ။ ဖြစ်ကာနီးပေါ့။ အဲဒိအချိန်တွေ စိတ်ညစ်စရာတွေ ခဏခဏ ဖြစ်တယ်။ ကျွန်တော် အစက စဉ်းစားတာ၊ ၃ နှစ် အချိန်ပေးမယ်၊ ဒါပေမယ့် ပြန်မယ်ဆိုတာမျိုးတော့ ကျွန်တော် မရှိခဲ့ဖူးဘူး။ စိတ်ဓာတ်ကျစရာအပိုင်းတွေတော့ ခဏခဏ ကြုံရတာပေါ့ခင်ဗျ။

အောင်သူရ။  ။ အခု ကိုနေအောင်ရဲ့ Oway လုပ်ငန်း ဘယ်လောက်အထိ ကြီးထွားနေပြီလဲ

ကိုနေအောင်။   ။ ကျွန်တော်ဆီမှာ အခုဆိုရင် အချိန်ပြည့်ဝန်ထမ်းပေါင်း ၂၆၈ ယောက်ရှိပါပြီ။ ကန်ထရိုက်တာတွေနဲ့ ပတ်သတ်ပြီး တစ်ဆင့် အလုပ်အကိုင်ပေးထားတာက စုစုပေါင်း ၄၀၀၀ လောက် ရှိပါတယ်ခင်ဗျ။ လက်မှတ်အရောင်းပမာဏမှာဆိုရင် ပြည်တွင်း ထိပ်တန်းကုမ္ပဏီ ၃ ခုထဲမှာ ရှိနေပါတယ်။ တက္ကစီသယ်ယူပို့ဆောင်ရေးနဲ့ ပတ်သတ်ပြီး ကားအစင်းရေပေါင်း အများဆုံးလို့ ပြောပြလို့ ရပါတယ်။အခုဆိုရင် ကျွန်တော်တို့ အပ်ပလီကေးရှင်းကို စာရင်းတင်ထားတဲ့ အသုံးပြုသူပေါင်း ၁၂၀၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ နေ့စဉ် ဝန်ဆောင်ပေးနေရတဲ့ အကြိမ်အရေအတွက်ပေါင်း ၃၀၀၀ ကနေ ၄၀၀၀ ကြားမှာ ရှိနေပါတယ်။ စုစုပေါင်း Active ဖြစ်တဲ့ Driver ပေါင်း ၂၀၀၀ ကျော်ကျော်ရှိနေပါပြီ။ အောင်မြင်နေပြီလို့ ပြောလို့မရသေးပါဘူး၊ အတိုင်းအတာပမာဏတစ်ခုအထိ ကျွန်တော်တို့ ရောက်လာပေမယ့် ကျွန်တော်တို့ လုပ်ချင်တာနဲ့ ပတ်သတ်ပြီးတော့ အခုမှ စတယ်လို့ ပြောလို့်ရပါတယ်။

အောင်သူရ။   ။ ကိုနေအောင် Oway ကို စတင်တည်ထောင်ခဲ့တဲ့ ၂၀၁၂ ခုနှစ်နဲ့ အခုနှစ်အထိ ကြား ၅ နှစ်ကျော် ခရီးလမ်းမှာ မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက်နဲ့ နည်းပညာကဏ္ဍဟာ ထူးထူးခြားခြား ပြောင်းလဲနေပြီလို့ မြင်လား

ကိုနေအောင်။  ။ ပထမဆုံး ၃ နှစ်မှာ မြန်မာပြည်မှာ သတင်းအချက်အလက်နဲ့ နည်းပညာကဏ္ဍအပေါ်မှာ အလုပ်လုပ်ဖို့ လုံးဝမလွယ်ဘူးဗျ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်မှာ စီးပွားရေးလုပ်ငန်းဟာ အလားအလာရှိလာတယ်လို့ ပြောလို့ ရပါတယ်။ အခုအချိန်မှာတော့ ဖြစ်နေပြီလို့ ကျွန်တော် ပြောလို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Telecom Infrastructure တွေက ပိုပြီးတော့ တည်ငြိမ်လာပြီခင်ဗျ။ လွှမ်းခြုံထားနိုင်မှုလည်း များလာသလို ယုံကြည်စိတ်ချရမှုအပိုင်းကလည်း အစထက် ပိုကောင်းလာတာကို တွေ့မြင်ရပါတယ်။ အကုန်လုံးမပြည့်စုံသေးပေမယ့်လည်း ဒီ IT Industry အပေါ်မှာ မူတည်ပြီးတော့ သုံးစွဲသူတွေကို ဝန်ဆောင်မှုပေးနိုင်တဲ့ အလုပ်ကတော့ ပိုပြီး အလားအလာရှိလာတယ်လို့ ကျွန်တော် ယူဆပါတယ်။

အောင်သူရ။  ။ ကိုနေအောင် အနေနဲ့ ၂၀၁၂ Oway ကို စတင်တည်ထောင်တုန်းက ငွေကြေးအခက်အခဲတွေ ရှိခဲ့လား

ကိုနေအောင်။   ။ လုပ်ငန်းတည်ထောင်ဖို့နဲ့ ပတ်သတ်ပြီး မိသားစုဆီကနေ လုံးဝအကူအညီမတောင်းဘူးလို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်ခင်ဗျ။ အဲတော့ လိုအပ်မယ့် ငွေကြေးကို ကိုယ့်ဘာသာ ရှာဖွေပါတယ်ခင်ဗျ။ နည်းပညာအခြေခံတဲ့ ကုမ္ပဏီဖြစ်တာကြောင့် ရင်းနှီးမြှုပ်နှံမှုတွေကို အပိုင်းအခြားလိုက် စိုက်ထည့်ရတယ်ဗျ။ ပြီးတော့ နည်းပညာကို အခြေခံတဲ့ လုပ်ငန်းဆိုတာ အကျိုးအမြတ်ရဖို့ ခက်ပါတယ်။ အချိန်တစ်ခု ယူရတာပေါ့နော်။ အဲဒိအခါမှာ ကျွန်တော် ပထမဆုံးအနေနဲ့ အခက်အခဲတွေ အများကြီးတွေ့ရတယ်ခင်ဗျ။ အရင်းအနှီးသာ မစိုက်ထုတ်နိုင်ဘူးဆိုရင် ဒီအပေါ်မှာ ရပ်တည်ဖို့က တော်တော်ခဲယဉ်းမယ်လို့ ကျွန်တော် ယူဆပါတယ်။ အခုဆိုရင် အရင်းအနှီးထုတ်ပေးဖို့ စနစ်တွေ ပိုပေါ်လာပြီပေါ့။ ဘဏ်တွေကနေပဲ ဖြစ်ဖြစ်၊ ကိုယ်တိုင် Saving ကနေပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံသူတွေဆီကနေပဲ ဖြစ်ဖြစ်၊ အခုမှာက ပိုပြီးတော့ များလာပါတယ်။ ဒါပေမယ့် အဲဒိတုန်းကဆိုရင်တော့ အရမ်းကို စောတဲ့ အချိန်ကာလလို့ ပြောလို့ရပါတယ်။

အောင်သူရ။  ။ Google မှာ အတွေ့အကြုံရှိသူတစ်ဦး တီထွင်ထားတဲ့ Oway ဟာ အခုအချိန်မှာ မြန်မာပြည်မှာ အလုပ်ဖြစ်နေပြီလားလို့ မေးရင် ကိုနေအောင် ဘယ်လို ပြောချင်လဲ

ကိုနေအောင်။  ။ ကျွန်တော်တို့ ဖန်တီးထားတဲ့ Owayride ဆိုတာ နေ့တိုင်း လူ ၄၀၀၀ လောက်က အသုံးပြုနေပြီ။ ယာဉ်မောင်း ၂၀၀၀ ကျော်လောက်က နေ့တိုင်း အသုံးပြုနေပြီ။ ဘယ်လို ကျွန်တော်တို့ အသုံးပြုလို့ရအောင် လုပ်လို့ ရသလဲဆိုရင် တက္ကစီတစ်စီးကို အသုံးပြုဖို့ မှာမယ်ဆိုရင် ကွန်ရက်ကနေ အနီးဆုံးမှာရှိတဲ့ တက္ကစီတစ်စီးကို ဆက်သွယ်ပါမယ်။ လမ်းပေါ်ထွက်ပြီး ငှားစရာမလိုတော့ဘူးပေါ့။ ဒီအတွက်ကို ကျွန်တော်တို့ မိုဘိုင်းဖုန်းကနေ အသုံးပြုလို့ရအောင် လုပ်ထားတာပါ။ ဒါပေမယ့် အပြင်ပန်းကြည့်ရင် လွယ်ကူမယ်လို့ ထင်ပေမယ့် အထဲမှာတော့ ဒီစနစ်ကို ဖွံ့ဖြိုးအောင်လုပ်ရတာ တော်တော်ကို လုပ်ထားရတယ်။

နောင်တစ်ချိန်မှာ ကျွန်တော်တို့် Autonomous Vehicle System (ကိုယ်ပိုင်ထိန်းချုပ်နိုင်သော မော်တော်ယာဉ် စနစ်) ကို မလုပ်နိုင်ဘူးလားလို့ ပြောမယ်ဆိုရင် ကျွန်တော်တို့ လုပ်နိုင်တယ်ခင်ဗျ။ ဥပမာ ကျွန်တော် တစ်ခုပြောပြမယ်။ စင်ကာပူမှာ တက္ကစီပေါင်း ၂၇၀၀၀ ရှိတယ်။ ရန်ကုန်မှာ ကားပေါင်း တက္ကစီပဲ ၇၀၀၀၀ ရှိတယ်ခင်ဗျ။ စင်ကာပူလိုနိုင်ငံမျိုးမှာ Autonomous ကားအတွက် လုပ်နေတယ်။ ဒီမှာ ၇၀၀၀၀ ဆိုတော့ ပမာဏတောင် ပိုကြီးသေးတယ်။ အခု ယာဉ်ကြောတွေ ပိတ်ဆို့နေတယ်။ ဒါတွေကို အကုန်လုံး ဖြေရှင်းလို့ ရတယ်ခင်ဗျ။ ကိုယ်ကသာ တစ်စိုက်မတ်မတ်နဲ့ စိတ်ကူးကောင်းတွေ ရှိမယ်ဆိုရင် ဒါကိုလည်း တစ်ချိန်ကြရင် ကိုယ်တွယ်လို့ ရမယ့်အထဲမှာ ပါပါတယ်။

အောင်သူရ။  ။ နောက်ထပ် လုပ်ချင်တာ ဘာများရှိမလဲ

ကိုနေအောင်။   ။ ကျွန်တော်တို့ လုပ်ငန်းတစ်ခုကို ကြည့်တဲ့အခါမှာ အဲဒိတစ်ခုချင်းစီတိုင်းမှာ လိုအပ်ချက်တွေက တကယ်ရှိနေတယ်ခင်ဗျ။ လူတွေက ပြောကြတာပေါ့။ နည်းပညာတွေကို Leap Frog (ဖားခုန်) လုပ်မယ်၊ နောက်ဆုံးနည်းပညာတွေကို သုံးမယ်ဆိုတာက ပါးစပ်က ပြောတော့သာ လွယ်တယ်ခင်ဗျ။ ဒါပေမယ့် ကျွန်တော်တို့ အမှန်တကယ်ကို (မိုဘိုင်း တက္ကစီအငှားဝန်ဆောင်မှုမှာ ဖြစ်ဖြစ်၊ Logistics အပိုင်းမှာဖြစ်ဖြစ်) လုပ်ကိုင်တဲ့ နေရာမှာ နည်းပညာတစ်ခုတည်းတင် မဟုတ်ဘဲ ပညာရပ်ဆိုင်ရာပါ လိုအပ်နေတယ်ခင်ဗျ။ ကျွန်တော်ဖြစ်ချင်တာ ဒီအခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ Research Center ( သုတေသနဌာန) အကြီးကြီးတစ်ခုကို တည်ထောင်ချင်တဲ့ခင်ဗျ။ Google မှာ ဆိုလို့ ရှိရင် သူတို့ရဲ့ ဝင်ငွေ ၁၅ ရာခိုင်နှုန်းလောက်ကို ပြန်ပြီးတော့ သုတေသနလုပ်ငန်းအတွက် သီးသန့် ချန်ထားတယ်ဗျ။ တကယ် Budget ကြီးကြီးတဲ့ ဒေါ်လာ သန်း ၅၀၊ သန်း ၁၀၀ လောက်ကို R&D (Research and Development-သုတေသနဖွင့်ဖြိုးမှုလုပ်ငန်း) စစ်စစ် တည်ထောင်ဖို့ လုပ်ချင်ပါတယ်ခင်ဗျ။ ဆိုလိုတာက မြန်မာပြည်က အင်ဂျင်နီယာတွေရော၊ နိုင်ငံခြားက အင်ဂျင်နီယာတွေက လိုအပ်တဲ့ နည်းပညာတွေကို ဝယ်ချင်ဝယ်မယ်၊ ပြီးရင် အဲဒါတွေကို ပြန်ရောစပ်ပြီးတော့ ဒီလုပ်ငန်းတွေရဲ့ အခက်အခဲတွေ၊ စားသုံးသူတွေရဲ့ အခက်အခဲတွေကို ကျွန်တော်တို့ အဖြေရှာဝန်ဆောင်မှုပေးတဲ့ အလုပ်တွေကို ကျွန်တော် လုပ်ပေးချင်ပါတယ်။

အောင်သူရ။  ။ ကိုနေအောင်ရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး လုပ်ငန်းတစ်ခုကို စချင်နေတဲ့ လူတွေ၊ စီးပွားရေးလုပ်ဖို့ စိတ်ကူးအကြံဉာဏ်ရှိတဲ့ လူတွေကို ဘယ်လို အကြံပေးချင်ပါသလဲ

ကိုနေအောင်။  ။ စိတ်ကူးအကြံဉာဏ် (Idea) ကောင်းကောင်းရှိတယ်ဆိုပေမယ့် တကယ့်တကယ် အဲဒိ Idea က ကောင်းချင်မှ ကောင်းမယ်။ ဒါပေမယ့် အဲဒါနဲ့ပဲ စလိုက်ကြည့်မယ်ဆိုရင် သူ့ဟာနဲ့သူ ဘယ်ဟာက ကောင်းတယ်၊ မကောင်းဘူးဆိုတာ ပိုပြီးတော့ တွေ့လာလိမ့်မယ်။ ကျွန်တော် ပြောချင်တာက တကယ်စလိုက်ပါ၊ စပြီးတဲ့အခါမှာ သူဟာ ဘယ်လို ပြောင်းသွားမလဲဆိုတာ မြင်သိလာပါလိမ့်မယ်။ ဒါတွေ တကယ်ဖြစ်လာပါလိမ့်မယ်။

ကျွန်တော် လွန်ခဲ့တဲ့ ၅ နှစ်ကို ပြန်ကြည့်တဲ့အခါမှာ Google မှာပဲ ဆက်နေမလား၊ ဒီဘက်ကို ပြန်လာပြီး ကိုယ်ပိုင်စီးပွားရေးလုပ်မလားဆိုတဲ့အပေါ်မှာ ကျွန်တော် ဒီကို ပြန်လာတာ မှန်တယ်ဆိုတာ အခုအချိန်မှာ ပြောလို့ရပါပြီ။ ဒီလိုဖြစ်လာဖို့လည်း ရာနှုန်းပြည့် အလုပ်လုပ်နေရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly