ပရိသတ်များအား နှုတ်ဆက်ကာ စတင်စစ်မှုထမ်းပြီဖြစ်သည့် မင်းသား ဂျူးဝမ်

ပရိသတ်များအား နှုတ်ဆက်ကာ စတင်စစ်မှုထမ်းပြီဖြစ်သည့် မင်းသား ဂျူးဝမ်

တောင်ကိုရီးယားမင်းသား ဂျူးဝမ်သည် မေလ ၁၆ရက်နေ့တွင် စစ်မှုထမ်းတာဝန် စတင်ထမ်းဆောင်ရန်အတွက် ဂန်းဝမ်ခရိုင်အတွင်းရှိ သင်တန်းကျောင်းသို့ စာရင်းပေးဝင်ရောက်ခဲ့သည်။ အခြေခံစစ်သင်တန်းကို တက်ရောက် သင်ယူအပြီးတွင် ဂျူးဝမ်သည် ၂၁ လခန့် စစ်မှုထမ်းတာဝန် ထမ်းဆောင်ရမည်ဖြစ်သည်။

စစ်မှုထမ်းရန် စာရင်းမပေးခင်တွင် ဂျူးဝမ်သည် မေလ ၁၃ရက်နေ့က သူ၏ ပရိသတ်များနှင့် တွေ့ဆုံခဲ့ပြီး သူသည် တိုးတိုးတိတ်တိတ်ပဲ စစ်တပ်ထဲသို့ စာရင်းပေးဝင်ရောက်တော့မည်ဟု ပြောကြားခဲ့သည်။

ဒါ့အပြင်မင်းသားသည် SBS ရုပ်သံလိုင်းမှ တနင်္လာနှင့် အင်္ဂါနေ့များတွင် ထုတ်လွှင့်မည့် My Sassy Girl ဇာတ် လမ်းတွဲအတွက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲသို့ မေလ ၁၅ရက်နေ့က တက်ရောက်ခဲ့ပြီး စစ်တပ်ထဲဝင်ဖို့ တစ်ရက် အလိုတွင် သူမည်ကဲ့သို့ ခံစားရကြောင်း ပရိသတ်များကို မျှဝေခဲ့သည်။

“ကျနော် မနက်ဖြန်ရောက်တာနဲ့ ချက်ချင်းပဲ တပ်ထဲဝင်တော့မှာ ဖြစ်ပါတယ်။ ကျနော် ထူးထူးဆန်းဆန်းလေး တော့ ခံစားနေရပါတယ်။ ကျနော် တွေးထားထက် ပိုပြီးတော့ အခြေအနေကောင်းပါတယ်။ ဒါ့အပြင် ကျနော် တည်တည်ငြိမ်ငြိမ် နဲ့ သက်သောင့်သက်သာ ရှိနေပါတယ်” ဟု ဂျူးဝမ်က ပြောခဲ့သည်။

မေလ ၁၅ရက်နေ့ ညနေပိုင်းတွင် ဂျူးဝမ်သည် အင်စတာဂရမ်၌ ဓာတ်ပုံတင်၍ “ကျနော့်ရဲ့ ပရိသတ်တွေကို ချစ်ပါတယ်။ ကျန်းမာရေး ဂရုစိုက်ကြပါ။ ကျနော့်အတွက် မစိုးရိမ်ကြပါနဲ့” ဟု ရေးသားခဲ့သည်။ ထို့နောက် သူပါဝင်သရုပ်ဆောင်ထားသည့် My Sassy Girl ဇာတ်လမ်းကို ပရိသတ်များ ကြည့်ရှုအားပေးကြရန်လည်း တိုက်တွန်းခဲ့သည်။

ဂျူးဝမ်၏ ဒရမာဇာတ်လမ်းတွဲ My Sassy Girl သည် ရိုက်ကူးမှုများပြီးစီး၍ SBS ရုပ်သံမှ လာမည့်မေလ ၂၉ ရက်နေ့တွင် စတင်ထုတ်လွှင့်တော့မည် ဖြစ်သည်။

မင်းသားသည် လာမည့် ၂၀၁၉  ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင် စစ်မှုထမ်းတာဝန်များ ပြီးဆုံးမည်ဖြစ် ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required