ရခိုင်အကြံပေးကော်မရှင်နှင့် တပ်မတော်တွေ့ဆုံ

ရခိုင်အကြံပေးကော်မရှင်နှင့် တပ်မတော်တွေ့ဆုံ

ရန်ကုန်၊ မေ ၁၆ ။                    ။ ရခိုင်ကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာနှင့် ပတ်သက်ပြီး မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်အကြံပေးကော်မရှင်နှင့် တပ်မတော်တို့ မေ ၁၆ရက်က   တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က မဇ္ဈိမသို့ပြောသည်။

ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင်များနှင့် တပ်မတော်ဘက်မှ ၆ ဦးခန့်သည် နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးတွင် မေ ၁၆ရက်က တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ ဥက္ကဋ္ဌ ကိုဖီအာနန်နဲ့ တပ်ချုပ်ကြီးနဲ့ကလည်း အမြဲတမ်းအဆက်အသွယ်ရှိနေပါတယ်။ အခု အကြံပြုချက် ထပ်ပေးတာတော့မရှိပါဘူး။ သူတို့ အခြေအနေတွေတင်ပြတယ်။ သူတို့ ရပ်တည်ချက်ကို ရှင်းပြတယ်။ ဘာတွေလုပ်ထားတယ်ပြောပြပါတယ်" ဟု ဦးအေးလွင်ကပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် လူမှုရေးဆိုင်ရာအကူအညီပေးရေးကိစ္စ နှင့် လုံခြုံရေးဆိုင်ရာကိစ္စများကိုလည်း တပ်မတော်ဘက်မှ ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။

“လုံခြုံရေးနဲ့ ပတ်သက်လို့ သူတို့ရဲ့စစ်ဆင်ရေးတွေကို ရပ်လိုက်ပြီဆိုတဲ့အကြောင်း အခု ပြည်ထဲရေးက ကိုင်တွယ်နေတယ်ဆိုတဲ့အကြောင်း တပ်မတော်ကတော့ဖြင့် ဌာနချုပ်မှာရှိနေတယ်ဆိုတဲ့ အကြောင်း လိုအပ်ရင်ကူညီမယ်ဆိုတဲ့အကြောင်း အဲ့တာလေးတွေပြောပြပါတယ်" ဟု ၎င်းကဆိုသည်။

ပထမ အကြိမ်တွေ့ဆုံခဲ့စဉ်က မစ္စတာကိုဖီအာနန်ဦးဆောင်ပြီး တပ်မတော်ဘက်ကလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်တွေ့ဆုံခဲ့သည်။

ဒုတိယအကြိမ်တွင်မူ ရခိုင်အကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်ခဲ့သည့်အချိန်ကဖြစ်ပြီး ယခု တွေ့ဆုံသည်မှာ တတိယအကြိမ်ဖြစ်သည်။

ရခိုင်အကြံပေးကော်မရှင်သည် မေ ၈ရက်တွင် ဗုဒ္ဓဘာသာမှ ဆရာတော် ၈ပါးနှင့် အစ္စလာမ်ဘာသာကခေါင်းဆောင်တွေကို ရန်ကုန်မြို့တွင် တစ်လှည့်စီ သီးခြားတွေ့ဆုံခဲ့သည်။

ယင်းနောက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားရောက်ခဲ့ပြီး အပြန် မေ ၁၂ ရက်တွင် အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးတင်ဦးအပါအဝင် ပါတီထိပ်တန်းခေါင်းဆောင်အချို့နှင့် တွေ့ဆုံခဲ့ပြီး အတိုက်အခံပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီနှင့်လည်း တွေ့ဆုံခဲ့သေးသည်။

အဖွဲ့အသီးသီးမှ အကြံပြုချက်တွေကို ရခိုင်အကြံပေးကော်မရှင်၏ နောက်ဆုံးအစီရင်ခံစာ၌ ထည့်သွင်းသွားမည်ဟု ရခိုင်ကော်မရှင်အဖွဲ့ဝင် ဦးဝင်းမြကပြော ကြားထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက ဖွဲ့စည်းပေးထားခဲ့ခြင်း ဖြစ်ပြီး အပြီးသတ်အကြံပြုစာကို လာမည့် ဇွန်လအတွင်း အစိုးရထံ ပေးပို့သွားရန်လည်း ရှိနေသည်။

ကော်မရှင်ကို ဥက္ကဋ္ဌအဖြစ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်ပြီး နိုင်ငံတကာ ပညာရှင် သုံးဦး၊ မြန်မာနိုင်ငံသား အဖွဲ့ဝင် ခြောက်ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly