လာမည့်နှစ်တွင် ဂွါဒီယိုလာကို ပေါင်သန်း ၁၀၀ တန်စာချုပ်ဖြင့် မန်စီးတီးကမ်းလှမ်းမည်ဟု သတင်းထွက်

လာမည့်နှစ်တွင် ဂွါဒီယိုလာကို ပေါင်သန်း ၁၀၀ တန်စာချုပ်ဖြင့် မန်စီးတီးကမ်းလှမ်းမည်ဟု သတင်းထွက်

သြဂုတ် ၁၊ မန်ချက်စတာ။ ။ မန်စီးတီးအသင်းသည် ဂွါဒီယိုလာကို အသင်း၏နည်းပြဖြစ်လာရေးအတွက် ပေါင်သန်း ၁၀၀ တန်စာချုပ်ဖြင့် ကမ်းလှမ်းမည်ဟု သတင်းထွက်ပေါ်နေသည်။

သမိုင်းတွင် တန်ဖိုးအရှိဆုံးစာချုပ်အဖြစ် တစ်နှစ်လစာ ပေါင်သန်း ၂၀ တန် ငါးနှစ်စာချုပ်ဖြင့် ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာကို မန်စီးတီး တာဝန်ရှိသူများက ကမ်းလှမ်းရန် စဉ်းစားနေသည်ဟု The Sun သတင်းစာက ဖော်ပြလိုက်ခြင်းဖြစ်သည်။

မန်စီးတီးလက်ရှိနည်းပြပယ်လီဂရီနီသည် စာချုပ်သက်တမ်းကုန်ဆုံးမည့် လာမည့်နှစ်နွေရာသီတွင်ရာထူးကို စွန့်ခွာရဖွယ်ရှိနေရာ လစ်လပ်သွားမည့် နည်းပြနေရာအတွက် ဂွါဒီယိုလာကို မန်စီးတီးက ချိတ်ဆက်နေခြင်းဖြစ်သည်။

ပယ်လီဂရီနီကဲ့သို့ပင် ဂွါဒီယိုလာသည်လည်း လာမည့်နှစ်တွင် ဘိုင်ယန်မြူးနစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အနာဂါကို မသိရသေးဟု ဂွါဒီယိုလာက ဝန်ခံပြောဆိုထားသည်။

မန်စီးတီးအသင်းတွင် အင်အားကြီးမားသည့် ဘာစီလိုနာတာဝန်ရှိသူ လူဟောင်းများရှိနေပြီး အသင်းသည် ဘာစီလိုနာလမ်းစဉ်ကိုလိုက်သည့်အနေဖြင့် ပြန်လည်တည်ဆောက်ရာတွင် ဂွါဒီယိုလာ၏ ဦးဆောင်မှုကို လိုချင်နေခြင်းဖြစ်သည်။

မန်စီးတီးအမှုဆောင်ချုပ် ဆိုရီယာနိုနှင့် အားကစားဒါရိုက်တာ ဘီဂီရီစတိန်းတို့သည် ဘာစီလိုနာအသင်းတွင် ဂွါဒီယိုလာအောင်မြင်မှုများရခဲ့စဉ်က အတူလက်တွဲခဲ့ကြသူများဖြစ်သည်။

ဂွါဒီယိုလာက "အသင်းအတွက်ဘာက အကောင်းဆုံးဖြစ်မလဲဆိုတာ ကျွန်တော်ဆုံးဖြတ်ချက်မချရသေးပါဘူး။ တစ်နှစ်ဆိုတာ ကြာတဲ့ ကာလ တစ်ခုပါ။ ကျွန်တော့်စာချုပ်ကို သက်တမ်းတိုးလိုက်တာက အသင်းအတွက်မှန်ကန်ပါ့မလားဆိုတာ မသိပါဘူး။ ဘိုင်ယန်နဲ့တော့ ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော်ဆုံးဖြတ်ပြီးရင်တော့ ဘိုင်ယန်ဆရာတွေဖြစ်တဲ့ ရူမင်နစ်ဂီ၊ အူလီဟိုးနက်စ်၊ မားသီးယက်စ်ဆမ်းမားတို့ကို ပြောပြမှာပါ။ တစ်နှစ်ဆိုတာ ကြာပါတယ်။ အသင်းကြီးတစ်သင်းမှာ သုံးနှစ်ဆိုတာကတော့ တစ်ဘဝစာပါပဲ"ဟု ပြောသည်။

ရည်ညွှန်း မယ်ရာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly