ဒူတာတေးအား စွပ်စွဲပြစ်တင်သည့် အဆိုအား ပါလီမန် ပယ်ချ

ဒူတာတေးအား စွပ်စွဲပြစ်တင်သည့် အဆိုအား ပါလီမန် ပယ်ချ

 

မနီလာ၊ မေ ၁၆ ။              ။ တရားလက်မဲ့သတ်ဖြတ်ခြင်းများနှင့် အခြားပြစ်မှုများဖြင့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးအား စွပ်စွဲပြစ်တင်ရေး အဆိုကို ပါလီမန်က မေ ၁၅ ရက်တွင် ပယ်ချသည်။

မဲပေးသူ ၅၀ ရှိနိုင်သည့် အောက်လွှတ်တော်တရားရေးရာကော်မတီတွင်  ဒူတာတေးအား ဆန့်ကျင်ပြီး စွပ်စွဲပြစ်တင်ရေးမှာ မပြည့်စုံ လုံလောက်မှုမရှိကြောင်း ၄၂ ဦးက တစ်ညီတစ်ညွတ်တည်း ဆန္ဒုပြုကာ ပယ်မဲပေးခဲ့ခြင်းဖြစ်သည်။

ရှုံးနိမ့်သွားသော ယခုအဆိုကို လွှတ်တော်အမတ် ဂါရီအလီဂျာနိုက တင်ခဲ့ခြင်းဖြစ်ကာ ဒူတာတေးအား ဖွဲ့စည်းပုံချိုးဖောက်မှု အပြစ်ရှိသူ၊ ပြည်သူ့ယုံကြည်မှုကို သစ္စာဖောက်သူ၊ လာဘ်စားမှုနှင့် အခြားရာဇဝတ်ပြစ်မှုများတွင် ပါဝင်သူအဖြစ် စွပ်စွဲပြစ်တင်ရန် အဆိုတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တင်ပြသည့် အဆိုတွင် ဒူတာတေး ဒါဗာအိုမြို့တော်ဝန်ဘဝက ဒါဗာအိုသေမင်းတမန်အဖွဲ့ကို ဖွဲ့စည်းပြီး သုတ်သင်သတ်ဖြတ်မှုများ ကျူးလွန်ခြင်းကိုလည်းကောင်း၊ မူးယစ်နှိမ်နင်းရေးစစ်ပွဲတွင် လူပေါင်း ၇၀၀၀ ကျော်ထက်မနည်း အသတ်ခံရခြင်းများကိုလည်းကောင်း စွပ်စွဲပြစ်တင်ရန် တင်ပြထားခြင်းဖြစ်သည်။

ထိုပြင် တရုတ်နှင့် အငြင်းပွားမှုရှိနေသော တောင်တရုတ်ပင်လယ်အရေး ဖိလစ်ပိုင်အကျိုး နစ်နာစေသည့် လျှို့ဝှက်သဘောတူညီမှုများကို တရုတ်နှင့် ဒူတာတေးက သဘောတူချုပ်ဆိုထားခြင်းနှင့် ဘဏ်အကောင့်များနှင့် ပတ်သက်ပြီးလည်း ကြေညာခြင်းမရှိခြင်းများကိုပါ စွပ်စွဲထားခြင်းဖြစ်သည်။

၂၀၀၃ ခုနှစ်အတွင်းက အရေးနိမ့်ခဲ့သည့် စစ်အာဏာသိမ်းမှုတွင် ပါဝင်ခဲ့သော စစ်ဖက်ဆိုင်ရာ အရာရှိများ ပါဝင်ဖွဲ့စည်းထားသည့် ပါတီမှ အဖွဲ့ဝင်ဖြစ်သော အလီဂျာနို၏ ဒူတာတေးအား စွပ်စွဲပြစ်တင်ရန် အဆိုတင်ခြင်းသည် ပြီးခဲ့သည့်နှစ် ဇွန်လအကုန်က သမ္မတရာထူး စတင်ထမ်းဆောင်ခဲ့သည့် ဒူတာတေးအတွက် ပထမဆုံး အဆိုတင်ခံရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags