ဟားခါးမြို့အထက်ရှိ ရုန်းတောင်ကွဲအက်လာခြင်းကြောင့် အိမ်ထောင်စု အချို့ရွှေ့ဆိုင်းရန် ညွှန်ကြားထား

ဟားခါးမြို့အထက်ရှိ ရုန်းတောင်ကွဲအက်လာခြင်းကြောင့် အိမ်ထောင်စု အချို့ရွှေ့ဆိုင်းရန် ညွှန်ကြားထား
photo - Chin World

မိုးအဆက်မပြတ်ရွာသွန်းပြီး မြေများဆက်လက်ပြိုနေခြင်းကြောင့် ဟားခါမြို့၏ သုံးပုံနှစ်ပုံခန့်ရှိ ဒေသခံများကို ပြောင်းရွှေ့ရန် ပြည်နယ်အစိုးရအဖွဲ့ကညွှန်ကြားထားကြောင်း သြဂုတ် (၁) ရက်တွင်ဒေသခံ များ၏ ပြောကြားချက် အရသိရသည်။

ဆက်တိုက်ရွာသွန်းခဲ့သည့်မိုးကြောင့် ယခုအခါ မြို့ဟောင်းရပ်ကွက်တစ်ခုလုံး ပျက်စီးသွားသည့်အပြင် ယခု ဟားခါး အထက်ရှိရုန်းတောင်မြေထပ်မံ ကွဲအက်လာခြင်းကြောင့် ဈေးသစ်ရပ် ကွက်နေရာအချို့ ၊ ပြည်တောင်သာရပ်ကွက်၊ ဂန့်ဂေါလမ်းရပ်ကွက်နှင့် ကွက်သစ်ရပ်ကွက်များမှနေအိမ်များကို ပြောင်းရွှေ့ခိုင်းခြင်းဖြစ်သည်။

ချင်းပြည်နယ် ကျန်းမာရေးဦးစီးဌာနရုံးအုပ် ဦးနိန်ဟုန်းက “ အခုဟားခါးမြို့ အထက်က ရုန်းတောင်ကတောင် လျှောက်မြေပြို ပြီး ရေတွေဒလဟော ကျလာတယ်။ သိရတာကတော့ မနေ့ညကလည်း အဲဒီတောင်ပေါ်မှာ အတော်ကြီးတဲ့အက်ကြောင်းဖြစ်တယ်လို့သိရတယ်။ ဒါကြောင့် အဲဒီနေရာ ပြိုရင် မလွတ်မယ့် နေရာအားလုံးကို မြို့သစ်ရပ်ကွက်ဖက် ကိုရွှေ့ဖို့ ပြည် နယ်အစိုးရကညွှန်ကြားထားတယ်။ ကုတင် (၂၀၀) ဆန့် ပြည်သူ့ဆေးရုံကို လည်း နည်းပညာတက္ကသိုလ်မှာ ဒီနေ့ကစပြီးပြောင်းရွှေ့ဖို့လုပ်နေကြပြီ” ဟုပြောသည်။  

သဘာဝအန္တရယ်ကျရောက် မှုကြောင့် ထိခိုက်ပျက်စီးမှုကြီးမားပြီး မူလအခြေအနေပြန်လည်ရောက် ရှိရေး ဆောင်ရွက်ရာတွင် အခက်အခဲရှိမည့် ဒေသများအဖြစ်  ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် တို့ဖြစ်ကြောင်း  နိုင်ငံတော်သမ္မတရုံးက ဇူလိုင် (၃၁) ရက်တွင် ကြေညာခဲ့သည်။

Source: Chin World

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required