ဝဲလ်ကော့နှင့် ကာဇိုလာကို အာဆင်နယ်စာချုပ်သက်တမ်းတိုး

ဝဲလ်ကော့နှင့် ကာဇိုလာကို အာဆင်နယ်စာချုပ်သက်တမ်းတိုး

သြဂုတ် ၁၊ လန်ဒန်။ ။ အာဆင်နယ်အသင်းသည် တိုက်စစ်မှူးဝဲလ်ကော့နှင့် ကွင်းလယ်ကစားသမား ကာဇိုလာတို့ကို စာချုပ်သက်တမ်းတိုးမြှင့်ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

တိုက်စစ်မှူးဝဲလ်ကော့ကို တစ်ပတ်ပေါင် ၁၄၀,၀၀၀ ဖြင့် လေးနှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ အသက် ၂၆ နှစ်အရွယ်ရှိ ဝဲလ်ကော့သည် ၂၀၀၆ တွင် ဆောက်သမ်တန်မှ ပေါင် ၁၂ ဒသမ ၅ သန်းဖြင့်ပြောင်းရွှေ့လာပြီးနောက် အာဆင်နယ်အတွက် ၂၀၈ ပွဲကစားပြီး လိဂ်ဂိုး ၅၀ သွင်းယူပေးထားသည်။

အသက် ၃၀ အရွယ်ရှိ စပိန်ကွင်းလယ်ကစားသမား ကာဇိုလာသည် ၎င်း၏လက်ရှိစာချုပ်ကို နှစ်နှစ်ထပ်မံသက်တမ်းတိုးလိုက်ခြင်းဖြစ်သည်။ "နှစ်ယောက်စလုံးက အသင်းအတွက် အကြီးအကျယ်အရေးပါပြီး လွှမ်းမိုးနိုင်စွမ်းရှိကြတဲ့ ထိပ်တန်းကစားသမားတွေပါ။ သူတို့ရဲ့ကွင်းတွင်း စွမ်းဆောင်ရည်ကောင်းကြသလို အတွေ့အကြုံလည်းရင့်ကျက်ပြီး ကွင်းပြင်ပမှာလည်း ထင်ရှားကြသူတွေပါ" ဟု အာဆင်နယ်နည်းပြ ဝင်းဂါး က ပြောကြားခဲ့သည်။

၂၀၁၅-၁၆ ရာသီကုန်တွင် စာချုပ်သက်တမ်းပြည့်မည့် ဝဲလ်ကော့သည် လန်ဒန်မြို့ခံအသင်းမှ ထွက်ခွာမည်ဟု သတင်းများထွက်ပေါ်ခဲ့သူ ဖြစ်သည်။

ယင်းအင်္ဂလန်လက်ရွေးစင်ကစားသမားကို စာချုပ်သစ်အတွက် ၂၀၁၄ နိုဝင်ဘာတွင်ဆွေးနွေးစဉ်က လီဗာပူးလ်နှင့် ချယ်လ်ဆီးအသင်းတို့က အထောင်တိုက်စစ်မှူးအဖြစ် ထားကစားရန် ကမ်းလှမ်းမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ယင်းအချိန်တွင် ဝဲလ်ကော့သည် အထောင် တိုက်စစ်နေရာအတွက် ရုန်းကန်နေရသည်။

သို့သော် ယမန်နှစ်ဘောလုံးရာသီတွင် ဝက်စ်ဘရွန်းကို ၄-၁ ဖြင့်အနိုင်ရသည့်ပွဲ၌ ပထမပိုင်း ဟက်ထရစ်သွင်းဂိုးအပြင် အက်စတွန်ဗီလာကို အနိုင်ရသည့် အက်ဖ်အေဖလားဗိုလ်လုပွဲတွင်လည်း အဖွင့်ဂိုးသွင်းပြီးနောက် အထောင်တိုက်စစ်နေရာအတွက် ပိုမိုအားကောင်းလာခဲ့သူဖြစ်သည်။ ၎င်းသည်အသင်းတွင် ကာလရှည်ကစားလာခဲ့သူလည်းဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly