နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မွန်ဂိုလီးယား ၀န်ကြီးချုပ်တို့ တွေ့ဆုံပြီး နိုင်ငံရေး၊ လူ့အခွင့်အရေးကိစ္စရပ်များ ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မွန်ဂိုလီးယား ၀န်ကြီးချုပ်တို့ တွေ့ဆုံပြီး နိုင်ငံရေး၊ လူ့အခွင့်အရေးကိစ္စရပ်များ ဆွေးနွေး

တရုတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ် J.Erdenebat တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ခေါင်းဆောင်နှစ်ဦး တရုတ်အစိုးရဦးဆောင်ကျင်းပတဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ Belt and Road ဖိုရမ် ပြင်ပမှာ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

တွေ့ဆုံစဉ်မှာတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ လူမှုဆိုင်ရာ ပြောင်းလဲမှုတွေမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ဆောင်ပြီး ယင်းတို့ကနေတဆင့် ဒီမိုကရေစီ နိုင်ငံရေးစနစ် ထူထောင်တည်ဆောက်နိုင်ခဲ့တဲ့ မွန်ဂိုလီးယားဆီကနေ အတွေ့အကြုံတွေများစွာ လေ့လာစရာ ရှိနေပါကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အလားတူ နိုင်ငံမြောက်ခြမ်းဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုင်ရာစွဲချက်ထွက်ပေါ်မှု ကိစ္စရပ်တွေနဲ့ပတ်သက်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအဖွဲ့ဝင် ဖြစ်တဲ့ မွန်ဂိုလီးယားအနေနဲ့ ကောင်စီမှာ အပြုသဘောဆောင် အကောင်းမြင်ကောက်ချက်တွေ ရရှိရေးအတွက် ကူညီပေးဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တောင်းဆိုခဲ့ပါသေးတယ်။

မွန်ဂိုလီးယားဝန်ကြီးချုပ်က ပြောဆိုဆွေးနွေးရာမှာတော့ မြန်မာနဲ့ မွန်ဂိုလီးယားတို့အကြား နှစ်နိုင်ငံ ဆက်ဆံရေးခိုင်မာစေရေးနဲ့ စီးပွားရေးတိုးတက်ဖို့တို့အတွက် သက်ဆိုင်ရာနိုင်ငံသားတွေအပြန်အလှန် ခရီးသွားရောက်ဖို့နဲ့ ခရီးသွားဦးရေ တိုးပွားမှုက အရေးပါပါကြောင်း ပြောဆိုဆွေးနွေးသွားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly