ယူရိုဗီးရှင်းအဆိုပြိုင်ပွဲတွင် ပေါ်တူဂီကိုယ်စားပြုအဆိုတော် အနိုင်ရရှိ

ယူရိုဗီးရှင်းအဆိုပြိုင်ပွဲတွင် ပေါ်တူဂီကိုယ်စားပြုအဆိုတော် အနိုင်ရရှိ

နှစ်စဉ်ကျင်းပနေကျဖြစ်သော ဥရောပနိုင်ငံကိုယ်စားပြု အဆိုတော်များ ပါဝင်ယှဉ်ပြိုင်သည့် ယူရိုဗီးရှင်း အဆိုပြိုင်ပွဲတွင် ပေါ်တူဂီကိုယ်စားပြုအဆိုတော် ဆယ်ဗေဒေါဆိုဘရယ်သည် သူ၏ညီမဖြစ်သူရေးစပ်ထားသော ဂျက်ဇ်စတိုင် အချစ်သီချင်းဖြင့် သီဆိုယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သည်။

ယခုအလိုအနိုင်ရရှိမှုသည် ယူရိုဗီးရှင်းပြိုင်ပွဲ၌ ပေါ်တူဂီကိုယ်စားပြုတစ်ဦး၏ ပထမဦးဆုံးအနိုင်ရရှိမှုဖြစ်သည်။

ဆိုဘရယ်သည် ယူကရိန်းနိုင်ငံမြို့တော် ကိဗ်မြို့တွင်ကျင်းပသော နောက်ဆုံးဗိုလ်လုပွဲသို့ အီတလီနှင့် ဘူဂေးရီးယားနိုင်ငံ ကိုယ်စားပြုအဆိုတော်များနှင့်အတူ တက်ရောက်နိုင်ခဲ့ပြီး မဲပေးရွေးချယ်ရာ တွင်လည်း မဲအများဆုံးဖြင့် ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့သည်။

စကားညင်သာစွာပြောဆိုတတ်သော ၂၇နှစ်အရွယ်ရှိ ဆိုဘရယ်သည် ပြိုင်ပွဲတွင် သူ၏မိခင်ပေါ်တူဂီဘာသာ စကားဖြင့် Amar Pelos Dois အမည်ရှိသော သီချင်းကို သီဆိုယှဉ်ပြိုင်ခဲ့သည်။   ပေါ်တူဂီတို့သည် ယင်းပြိုင်ပွဲသို့ ၁၉၆၄ခုနှစ်ကတည်းက ကိုယ်စားပြုအဆိုတော်များ စေလွှတ်ယှဉ်ပြိုင်စေခဲ့သော်လည်း ယခုအကြိမ်သည် သူတို့ အတွက် ပထမဦးဆုံး အနိုင်ရရှိမှုဖြစ်သည်။

အနိုင်ရရှိသူကို ကြေညာအပြီးတွင် ဆိုဘရယ်သည် သူ၏ပြိုင်ပွဲဝင် အချစ်သီချင်းကို ညီမဖြစ်သူ လွီဆာနှင့်အတူ သီဆိုဖျော်ဖြေခဲ့သည်။

“ဂီတဟာ မီးရှုးမီးပန်းတွေ၊ မျက်စိပဒါသ ဖြစ်စရာတွေနဲ့ ပုံဖော်ထားတာမဟုတ်ပါဘူး။ ဂီတဟာ ခံစားချက်တွေနဲ့ ပုံဖော်ရတဲ့အရာ ဖြစ်ပါတယ်” ဟု သူက ပြောခဲ့သည်။

ပြိုင်ပွဲပြီးနောက် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ သူသည် နိုင်ငံသူရဲကောင်းတစ်ဦး ဖြစ်လာပြီလားဟု သတင်းသမားများက မေးမြန်းခဲ့ရာတွင် “ ရိုးရိုးသားသားပြောရရင် ကျနော် အေးအေးချမ်းချမ်း ဘဝလေးကိုပဲ လိုချင်ပါတယ်။ ကိုယ့်ကိုယ်ကို နိုင်ငံသူရဲကောင်းကြီးလို့ တွေးလိုက်ရင်မယ်ဆိုရင် နည်းနည်း ရူးကြောင်ကြောင် နိုင်လှပါတယ်” ဟု သူက ဖြေကြားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly