ကျွန် ရုပ်ရှင်ဇာတ်ကား မေလကုန်တွင် ရုံတင် ပြသမည်

ကျွန် ရုပ်ရှင်ဇာတ်ကား မေလကုန်တွင် ရုံတင် ပြသမည်

ရန်ကုန်၊ မေ ၁၅  ။             ။ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးပုံဖော်ထားသည့် ကျွန် အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြီးကို မေလကုန်မှ စတင်ပြီး ရန်ကုန်မြို့ရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် တစ်ပြိုင်တည်း ပြသသွားတော့မည် ဖြစ်သည်။

ကျွန် ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို မေလ ၁၄ရက်တွင် ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ သရုပ်ဆောင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ နှင့် စာနယ်ဇင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

ထိုရုပ်ရှင်ဇာတ်ကားကြီးသည် ဘုရားကျွန် မျိုးရိုးကို လက်မခံနိုင်သည့် အထက်တန်း လူတန်းစားမိသားစု၏ မျိုးရိုးအစွဲ၊ အတ္တ၊ မာနတွေကြောင့် ဖြစ်ပေါ်လာသည့်အရာကို ပြသထားသည့် ရုပ်ရှင်ဇာတ်ကား တစ်ကား ဖြစ်သည်။

ကျွန် ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်း ကနုတ်မေ၊ ဇာတ်ညွှန်း မင်းခိုက်စိုးစံ၊ ထက်မြတ်နိုင်ဇင် ဖြစ်ပြီး ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ရိုက်ကူးပုံဖော်ထားကာ အကယ်ဒမီ နေတိုး၊ မြင့်မြတ်၊ အကယ်ဒမီ ဝတ်မှုံရွှေရည်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ စိုးမြတ်သူဇာ နှင့် ထူးမွန်တို့မှ အဓိက ပါဝင်သရုပ်ဆောင်ထားကြသည်။

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က “ကျွန်တော် ပြောချင်တဲ့ ကျွန်က လောဘနောက်လိုက်နေတဲ့ ကျွန်၊ တဏှာနောက် လိုက်နေတဲ့ ကျွန်၊ လောဘမောဟ ကျွန်တွေ မဟုတ်ဘူး ဘုရားကျွန်ကိုပြောချင်တာ ဘုရား ဝေယာဝစ္စလုပ်နေတဲ့ ကျွန်က မြတ်တယ်ဆိုတာ ပြောချင်တာ ဘယ်ကျွန်က မြတ်တယ် ဆိုတာကို အဓိကပြချင်တဲ့ရည်ရွယ်ချက်နဲ့ ရိုက်ထားတာပါ။ အဲ့တာကြောင့် ကျွန်လို့ နာမည်ပေးထားတာ” ဟု ပြောသည်။

ထို ရုပ်ရှင်ဇာတ်ကားကို ပုဂံတွင် သွားရောက်ရိုက်ကူးထားခြင်းဖြစ်ပြီး ရိုက်ကူးနေစဉ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဇာတ်ကားအမည်ပြောင်းခိုင်းခဲ့သော်လည်း ဒါရိုက်တာက အမည်မပြောင်းဘဲ ဆက်လက်ရိုက်ကူးခဲ့သည်။

ကျွန် ရုပ်ရှင်ဇာတ်ကားသည် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးခဲ့သည့် ဇာတ်ကားများတွင် ပုံမှန် ရိုက်ကူးနေသည့် ဇာတ်ကားကုန်ကျစရိတ်ထက် ပိုမိုများပြားသည့် ကုန်ကျစရိတ်ဖြင့် ရိုက်ကူးခဲ့သည့် ဇာတ်ကားတစ်ကား ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly