ဟားခါး တွင်ရေကြီးမြေပြိုမှု မိသားစု ၁,၀၀၀ ခန့်ဘေးလွတ်ရာ သို့ရွှေ့ပြောင်း

ဟားခါး တွင်ရေကြီးမြေပြိုမှု မိသားစု ၁,၀၀၀ ခန့်ဘေးလွတ်ရာ သို့ရွှေ့ပြောင်း
ဟားခါးမြို့၌ မြေပြို မှုဖြစ်ပွား။ (Photo- Chan Bik Lian)

သြဂုတ် ၁ ။       ။ ချင်းပြည်နယ် ဟားခါးမြို့တွင် အဆက်မပြတ် မိုးသည်းထန်စွာရွာသဖြင့် ရုတ်တရက်ရေကြီးကာ မြေပြိုမှုများဖြစ်ခဲ့ပြီး မိသားစု ၁,၀၀၀ ခန့် မှာ ၎င်းတို့အိမ်များကို စွန့်ခွာ၍ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းခဲ့ရသည်။

ပြိုကျနိုင်သည့် အန္တရာယ်ကြောင့် အစိုးရရုံးများ၊ ကျောင်းများနှင့် လူနေအိမ်များအပါအဝင် အဆောက်အဦ ၇၀၀ ခန့်တွင် လူများမနေရဲတော့ဘဲ ထွက်ခွာခဲ့ရသည်ဟု ခန့်မှန်းထားသည်။

ဟားခါးမြို့ခံ ဆလိုင်းထောင်က "မိုးတွေက အဆက်မပြတ်ရွာပြီး ပျက်စီးတဲ့အိမ်အရေအတွက် တိုးလာနေပါတယ်။ မြေပြင်မှာလည်း အက်ကြောင်းတွေရှိလို့ မိသားစုတွေ နေထိုင်ဖို့ အန္တရာယ်ရှိနေပါတယ်။" ဟုပြောသည်။

ရေဘေးသင့်သူ ခန့်မှန်းခြေ ၂,၅၀၀ ကျော်ရှိပြီး ဘုရားရှိခိုးကျောင်းများနှင့် ခန်းမများတွင် ယာယီခိုလှုံနေရသည်။ ခွာဘေ၊ ဘယူတေနှင့် နှီယာလောန်ကဲ့သို့ အနီးအနားရွာများမှ ရေဘေးသင့်သူများမှလည်း ၎င်းတို့၏ အိမ်များမှာ ဆိုးရွားစွာ ထိခိုက် ပျက်စီးလာသဖြင့် ဟားခါးသို့ ထွက်ပြေးလာနေသည်ဟု ဟားခါးမှ မိုင်ဆွီးက Chinland Guardian သို့ ပြောသည်။

"သူတို့ဟာ လမ်းမှာ စားစရာဘာမှမရှိဘဲ မိုးရွာထဲ လမ်းလျှောက်လာခဲ့ကြတာပါ။ ကလေးတွေဆိုလည်း ရွှဲစိုပြီး ချမ်းနေတာကို တွေ့ရပါတယ်။ နှစ်ရက်နီးပါး ဘာမှ မစားခဲ့ရသေးဘူးလို့ သူတို့ကပြောပါ တယ်။ တော်တော်ကို စိတ်မကောင်းစရာပါပဲ။" ဟု သူမက ပြောသည်။

သတင်းရင်းမြစ်များအရ ဟားခါးရှိ ခွာလွှန်းနှင့် ဒေါလွှန်းရပ်ကွက်များတွင်လည်း လုံးဝလူမရှိသလောက်ဖြစ်နေပြီဟု သိရသည်။

"ကျွန်တော်တို့အတွက် အလွန်အန္တရာယ်ကြီးတဲ့ အခြေအနေပါ။ ဟားခါးဟာ အခုဆိုရင် လမ်းတွေမှာရေလွှမ်းနေလို့ အဖက်ဖက်က လမ်းကြောင်းတွေ ပြတ်တောက်နေပါတယ်။ ဆိုင်တွေမှာလည်း ဆန်၊ ဆီနဲ့ အခြားကုန်တွေ ပြတ်လပ်နေ ပါတယ်။ နောက်ထပ်ရက်အနည်းငယ်သာ ဒီအတိုင်းဆက်ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ အစာရေစာ ပြတ်လပ်တော့မှာ ပါ။" ဟု သောန်ကပြောသည်။

ရေဘေးသင့်သူအရေအတွက် အတိအကျနှင့် ပျက်စီးမှုအတိအကျ စာရင်းမရရှိသေးသော်လည်း ရေဘေးသင့်သူနှင့် အပျက်အစီးများ မြင့်မားလာနိုင်ကြောင်း ဒေသခံခေါင်းဆောင်များက ပြောကြသည်။

Source- Chinland Guardian

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required