ရွှေလှေကျေးရွာတွင် ဘုရာဆင်းတုတော်များအား ရိုက်ချိုးကာ ပစ္စည်းခိုးယူမှုဖြစ်ပွား

ရွှေလှေကျေးရွာတွင် ဘုရာဆင်းတုတော်များအား ရိုက်ချိုးကာ ပစ္စည်းခိုးယူမှုဖြစ်ပွား
Photo - CJ

သံတွဲ၊ မေ ၁၅ ရက် ။          ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ရွှေလှေတိုက်နယ်၊ ဘုရားမော်ကျေးရွာအုပ်စု ဆူးပုတ်ကုန်းကျေးရွာတွင် တည်ထားကိုးကွယ်နေသည့် ဘုရားဆင်းတုတော်များအား မေလ ၁၂ ရက်က တုတ်ဖြင့် ရိုက်ချိုးဖျက်ဆီးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါဘုရားများအား ဖျက်ဆီးမှုဖြစ်ပွားခဲ့ပုံမှာ လင်းသီကျေးရွာမှ အသက် ၁၅နှစ်အရွယ် နေလင်းစိုး (ခ) စိုးမိုးဦးက စိတ်ဖောက်ပြန်ကာ ဆင်းတုတော်များ၏ ဦးခေါင်းကို တုတ်ဖြင့်ရိုက်ချိုးဖျက်ဆီးပြီး ယင်းအနီးရှိ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းကိုလည်း ယူဆောင်သွားခဲ့ကြောင်း သိရသည်။

“ဆရာတော်ဖုန်း ပျောက်တယ်ဆိုတော့ ရွာသားတွေက အဲဒီကောင်လေးကို သံသယရှိတယ်။ ဒါနဲ့ နောက်တစ်ရက်မှာ ငွေတောင် တောင်ပေါ်ကို တက်ကြည့်တော့ ဆင်းတုတော်တွေကို ခေါင်းတွေကိုရိုက်ချိုးထားတွေ့တယ်။ ဘေးမှာရှိတဲ့ ဆီမီးတစ်ထောင်ထွန်းတဲ့ ခုန်တွေကိုလဲ ရိုက်ချိုးထားတာကိုတွေ့ရတယ်။ ဒါနဲ့ကျွန်တော်တို့က အမှုဖွင့်ရမယ်ဆိုပြီးတော့ သွားတဲ့အခါ အဲဒီကောင်လေးက အမေအဖေနာမည်တွေ လွှဲပြောခဲ့တယ်”ဟု ဘုရားမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ကပြောသည်။

ဖျက်ဆီးခံလိုက်ရသည့် ဆင်းတုတော်များမှာ ဆူးပုတ်ကုန်းကျေးရွာအနီးရှိ ငွေတောင်တောင်ပေါ်တွင် တည်ရှိသည့် စေတီနှစ်ဆူအနက် သူဌေးချောင်းရေအားလျှပ်စစ် မိသားစုမှ ပြန်လည်မွန်းမံတည်ထားကိုးကွယ်နေသည့် စေတီမှ အမြင့် ၁၃ လက်မခန့်ရှိသည့် ဆင်းတုတော် ၄ ဆူးဖြစ်ကြောင်း သိရသည်။

“ကောင်လေးက ဆင်းတုတော်တွေကို သူဖျက်ဆီးခဲ့တယ်လို့ မိဘတွေနဲ့ ရွာသားတွေရှေ့မှာ ဝန်ခံပါတယ်။ သူ့ကို ရိုက်ချိုးတဲ့နေ့က ဖမ်းမိတာမဟုတ်ဘူး။ ၁၃ ရက်နေ့မှာ ဖမ်းဆီးနိုင်ခဲ့တာပါ။ အခုသူ့ကို အမှုဖွင့်ထားပါတယ်။ ပတ်ဝန်းကျင်ကပြောတာက ကောင်းလေးဟာ တစ်ခါတစ်လေ စိတ်ဖောက်ပြီးတော့ အဲလိုတွေဖြစ်တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ စစ်ဆေးမှုတွေဆောင်ရွက်နေပါတယ်။”ဟု ရွှေလှေစခန်းမှူး ရဲအုပ်မောင်လေးက ပြောသည်။

၎င်းမှာ ယခင်ကလည်း ကျေးရွာရှိစာသင်ကျောင်းမှ မှန်ပြတင်းများအားရိုက်ခွဲခြင်း၊ ဆရာ၏ Laptop အား ခိုးယူ ခြင်းအပါဝင် ဈေးဆိုင်ဖောက်သည့်ကိစ္စများကိုလည်း ပြုလုပ်ဖူးခဲ့သူတစ်ဦးဖြစ်ကာ မိဘများ၏ပြောစကားအရ စိတ်ပုံမှန်မဟုတ်သူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ဖြစ်စဉ်နှင့်ပက်သက်ပြီး တရားခံဖြစ်သူ နေလင်းစိုး (ခ) စိုးမိုးဦးကို သံတွဲခရိုင် ရွှေလှေရဲစခန်းမှ (ပ) ၉/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၉၅ အရ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly