ကနီလေပြင်းတိုက်ခတ်မှု အိမ်ပြိုပြီး လူအသေပျောက်ရှိ၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

ကနီလေပြင်းတိုက်ခတ်မှု အိမ်ပြိုပြီး လူအသေပျောက်ရှိ၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု
သတင်း၊ဓာတ်ပုံ-MOI

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ယနေ့ မေလ ၁၄ ရက်နေ့ ညနေ (၄း၁၅) နာရီခန့်က မိုးများသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအပြင် လူအသေအပျောက်ရှိခဲ့ကြောင်း သိရသည်။

မိုးရွာသွန်းစဉ် မိုးသီးများပါ ကျဆင်းခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ပြိုကျ၍ လူ(၂)ဦးသေဆုံးပြီး၊ (၆)ဦးဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်ဟု ပြန်ကြားရေးမှ သတင်းထုတ်ပြန်သည်။

လေပြင်းကြောင့် ကနီမြို့ပေါ်(၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု အချို့တို့တွင် လူနေအိမ်နှင့် စာသင်ကျောင်းဆောင်၊ သာသနိက အဆောက်အဦများ ပြိုကျခြင်း၊ လျှပ်စစ်ဓါတ်တိုင်များ လဲကျခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူများထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါလေပြင်းတိုက်ခိုက်မှုကြောင့် ယခုအချိန်ထိ ကောက်ယူရှိမှု စာရင်းများအရ မြို့ပေါ်ရပ်ကွက် သုံးရပ်ကွက်နှင့် ကျေးရွာအုပ်စုသုံးအုပ်စု တို့မှ လူနေအိမ် ၅ လုံး ပြိုကျခြင်း၊ လူနေအိမ်(၁၂၄)လုံး အမိုးလန်ပျက်စီးခြင်း၊ သာသနိက အဆောက်အဦ ၂ လုံး၊ စာသင်ကျောင်း (၁)ကျောင်းနှင့် ဌာနဆိုင်ရာအဆောက် အဦ(၉)လုံး၊ လျှပ်စစ်မီးလိုင်းပြတ်ကျပြီး ဓါတ်တိုင်များ ကျိုးပဲ့ပျက်စီးမှုများဖြစ်ခဲ့ကြောင်း သတင်းနှင့် ပြန်ကြားရေးမှ သိရသည်။

ယနေ့ ညနေ ၆ နာရီ ၄၀ ခန့်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ကနီသို့ လာရောက်ခဲ့ပြီးထိခိုက်ဆုံးရှုံးမှုများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။ ထို့ပြင် ဝန်ကြီးချုပ်က နေအိမ်ပြိုကျ၍ သေဆုံးသူ မိသားစုနှင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် နေသူများအား တွေ့ဆုံပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ကနီမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌတို့အား တွေ့ဆုံပြီး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် နိုင်ရေးတို့ကို မှာကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အချိန်နှင့်တစ်ပြေးညီ ဆောင် ရွက်နိုင်ရေး ဆောင်ရွက်ပေး သွားမည်ဟု ပြောသည်။

ဝန်ကြီးချုပ်နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ ကနီမြို့နယ် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များပါ လေပြင်းတိုက်မှုကြောင့် ထိခိုက်ပျက်စီးသောနေရာများအား လိုက်ပါ စစ်ဆေးခဲ့ကြသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required