ထုတ်​လုပ်​နိုင်​စွမ်​းထက်​ ဝယ်​လိုအားပိုများ​နေ​သော ဆန်ကော၊ ဆန်ခါလုပ်ငန်​း

ထုတ်​လုပ်​နိုင်​စွမ်​းထက်​ ဝယ်​လိုအားပိုများ​နေ​သော ဆန်ကော၊ ဆန်ခါလုပ်ငန်​း

ပုလဲမြို့နယ် ၊ မေ-၁၃ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် လိန်ကုန်း၊ ရွာသာ၊ ညောင်ကန်၊ ညောင်ကုန်း၊ ကံကြီး ကျေးရွာများမှ ဆန်ကော၊ ဆန်ခါလုပ်ငန်းမှာ ထုတ်လုပ်နိုင်စွမ်းထက် ဝယ်လိုအားပိုများနေကြောင်း ရွာသူရွာသားများထံက သိရသည်။

ဆန်ကော၊ ဆန်ခါများကို အနယ်နယ်အရပ်ရပ်မှ ဖောက်သည်များကမှာယူပြီး ဆယ့်နှစ်ရာသီပွဲများတွင် ကိုယ်တိုင်ဆိုင်ဖွင့်ရောင်းချခြင်းကြောင့် ထုတ်လုပ်နိုင်စွမ်းထက် ဝယ်လိုအားပိုများနေခြင်းဖြစ်ကြောင်း ကံကြီးကျေးရွာမှ မသန်းသန်းလှိုင်က ပြောပြသည်။

“ပခုက္ကူ သီဟိုဠ်ရှင်ပွဲဆို တစ်ယောက်က ဆိုင်ရှေ့မှာဈေးရောင်းပြီး အစ်မတို့က ဆိုင်နောက်မှာ တပြိုင်နက် ရက်လုပ်နေရတာ”ဟု ကံကြီးကျေးရွာမှ မနီက မဇ္ဈိမသို့  ပြောသည်။

ဆန်ကော၊ ဆန်ခါများကို မြန်မာပြည်အထက်ပိုင်း ဒေသများသို့ အဓိကတင်ပို့ရောင်းချနေကြောင်း သိရပြီး ဖောက်သည်အဖြစ် ပုံမှန်မှာယူကြသူများ ရှိသည်ဟု လိန်ကုန်းကျေးရွာမှ ဦးချစ်ဝေက ပြောသည်။

“အစ်ကိုကတော့ ပခုက္ကူ၊ ပုဂ၊ံညောင်ဦး၊အောင်လံ၊သရက် ဖောက်သည်ဆီ သွင်းတယ်။ ရွာထဲက အချို့ကတော့ မုံရွာ၊ ရေဦး၊ မန္တလေး၊ လားရှိုး၊ မြစ်ကြီးနား၊ ကလေး၊ ကလေးဝကို ပို့တယ်။ ကိုယ့်ဆိုင်ရာဆိုင်ရာ ဖောက်သည်ဆီ ပို့ကြတာ” ဟု လိန်ကုန်းကျေးရွာမှ ဦးချစ်ဝေက ပြောသည်။

ဆန်ကော၊ ဆန်ခါလုပ်ငန်း၏ ကုန်ကြမ်းများဖြစ်သော ရေဝါး(ခေါ်)မယ်တင်ခ၊ ကြိမ် အစရှိသည်တို့မှာ ဟုမ္မလင်း၊ ခန္တီးဘက်မှလာပြီး မုံရွာတစ်ဖက်ကမ်း အလုံမှ တဆင့်တင်သွင်းပြီး ရက်လုပ်ရာတွင် ပါဝင်သော သိုက်ဝါးမှာ ပုံတောင်ပုံညာဒေသမှ လာကြောင်း သိရသည်။

အဆိုပါ ကျေးရွာ ငါးရွာမှ ရွာသူရွာသားများသည် အချို့မှာတောင်သူလုပ်ငန်းကို လုပ်ကိုင်ကြပြီး အများစုမှာ ဆန်ကော၊ ဆန်ခါလုပ်ငန်းဖြင့် အသက်မွေးကြပြီး ဘိုးဘွားစဉ်ဆက်လက်ဆင့်ကမ်းလာသောလုပ်ငန်းဖြစ်၍ မည်သည့်အချိန်က စတင်ပြုလုပ်ခဲ့ကြောင်းကို ပြောပြဖို့ခက်ခဲကြောင်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly