သရုပ်ဆောင်အဖြစ် မြင်ရမယ့် အဆိုတော် X-Box

သရုပ်ဆောင်အဖြစ် မြင်ရမယ့် အဆိုတော် X-Box

ရန်ကုန် ၊ မေ ၁၃ ။           ။ လူငယ်ပရိသတ်များကြား အောင်မြင်မှုရရှိနေသည့် အဆိုတော် X-Box သည် ၂၀၁၇ ခုနှစ်ထဲတွင် MBC (Myanmar Broadcasting) ကုမ္ပဏီဖြင့် ရုပ်ရှင်ဇာတ်ကား ၊ ဗီဒီယို ဇာတ်ကားကို ရိုက်ကူးရန် စာချုပ် ချုပ်ဆိုထားပြီ ဖြစ်သည်။

MBC (Myanmar Broadcasting) ကုမ္ပဏီအနေဖြင့် အဆိုတော် X-Box နှင့် နိုဝင်ဘာလတွင် ရုပ်ရှင်ဇာတ်ကားကြီး စတင်ရိုက်ကူးရန် စီစဉ် ထားပြီး လက်ရှိတွင် ဒါရိုက်တာဝိုင်းဖြင့် ရိုက်ကူးသွားရန် စီစဉ်ထားလျက် ရှိသည်။

MBC (Myanmar Broadcasting) ကုမ္ပဏီ မှ အထွေထွေမန်နေဂျာ ဦးအောင်ကျော်မင်း က “သူက ဇွဲရှိတယ်။ အနုပညာဆန်းလည်း ရှိတယ် ။ သရုပ်ဆောင်မှုလည်း ကောင်းတယ်။  တက်လမ်းရှိတဲ့သူ တစ်ယောက်မို့လို့ လက်တွဲဖြစ်တာပါ။ အဲ့ဒီအတွက် စွန့်စားမှုတစ်ခု စိန်ခေါ်မှုတစ်ခုလို့ ပြောရမယ်။ လောလောဆယ် ဒါရိုက်တာကိုဝိုင်းနဲ့ ရိုက်ဖို့ ပြောဆိုထားတယ်။ အဆိုတော် X-Box နဲ့ လိုက်မယ့် ဇာတ်ကို ရွေးချယ်ရိုက်ကူးမှာပါ” ဟု ပြောသည်။

အဆိုတော် X-Box ခေါင်းဆောင် မင်းသား အဖြစ် ပါဝင်မည့် ရုပ်ရှင်ဇာတ်ကား အတွက် ဇာတ်လမ်းကို လက်ရှိတွင် အွန်လိုင်းမှ ပေးပို့ရန် ဖိတ်ခေါ်ထားပြီး ပေးပို့လာသည့် ဇာတ်လမ်းတွေထဲမှ တစ်ခုကို ရွေးချယ်ကာ ရိုက်ကူးသွားမည် ဖြစ်သည်။

ထိုရုပ်ရှင်ဇာတ်ကားတွင် ဝါရင့်သရုပ်ဆောင်များလည်း ပါဝင်မည် ဖြစ်သလို အဓိက သရုပ်ဆောင်သစ် များဖြင့် ရိုက်ကူးမည်ဖြစ်ကာ သရုပ်ဆောင်သစ်များကိုလည်း အွန်လိုင်းမှ ခေါ်ယူပြီး ရွေးချယ် ထည့်သွင်းရိုက်ကူးသွားမည် ဖြစ်သည်။

အဆိုတော် X-Box “ကျွန်တော့မှာ အိပ်မက်တစ်ခုရှိတယ်။ ဘဝမှာ ရုပ်ရှင် တစ်ကား ကိုယ့်ဖြစ်ချင်တဲ့ စရိုက်နဲ့ ဘဝနဲ့ သိပ်မကွာတဲ့ အပြင်မှာ X-Box နေထိုင်တဲ့ ကိုယ့်ပုံစံကို ပရိသတ် တစ်ယောက် အနေနဲ့ ကြည့်ချင်တယ်။ အဲ့ဒါကြောင့် ဒီနှစ်မှာ MBC နဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကား ၊ ဗီဒီယို ၅ကား စာချုပ် ချုပ်ခဲ့တယ်။ ရုပ်ရှင်ကားကြီး အရင်ရိုက်မယ်”ဟု ပြောသည်။

အဆိုတော် X-Box က ပထမဆုံး ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရန် အတွက် အနေ အထိုင် ၊ အပြောအဆို အပြင် Body ပိုင်းအတွက် ကြိုတင်ပြင်ဆင်မှုများလည်း ပြုလုပ်နေသည်။

အဆိုတော် X-Box သည် လက်ရှိတွင် 9 ဟု အမည်ပေးထားသည့် တစ်ကိုယ်တော် တေးအယ်ဘမ် Audio CD ထွက်ရှိထားသူ တစ်ဦး ဖြစ်ပြီး DVD အခွေကို မေလ ၂၀ရက်တွင် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိသွားတော့မည် ဖြစ်သည်။

X-Box ၏ 9 DVD တေးအယ်ဘမ်ကို မေလ ၂၀ရက်တွင် MBC Pictures (Myanmar Broadcasting) ကုမ္ပဏီမှ မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိသွားမည် ဖြစ်ပြီး ပရိုမိုးရှင်းပွဲကို ရန်ကုန် ၊ မန္တလေး ၊ စင်္ကာပူနိုင်ငံ တို့တွင် ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly