လာလီဂါ တစ်လတာအကောင်းဆုံးကစားသမားဆုကို မက်ဆီ ၂ ကြိမ်မြောက်ရရှိ

လာလီဂါ တစ်လတာအကောင်းဆုံးကစားသမားဆုကို မက်ဆီ ၂ ကြိမ်မြောက်ရရှိ

မေ ၁၃၊ စပိန် ။            ။ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီသည် ဧပြီလအတွက် လာလီဂါတစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့သည်။

မက်ဆီသည် ဧပြီလအတွင်းကစားခဲ့သည့် ပွဲစဉ်များတွင် ခြောက်ဂိုးအထိသွင်းယူပြီးခြေစွမ်းပြခဲ့သည့်အတွက် ယခုကဲ့သို့ ဆုရရှိခဲ့ခြင်းဖြစ်သည်။ ဆီဗီလာ၊ ရီးယဲလ်၊ ဆိုစီဒက်နှင့်အိုဆာဆူနာအသင်းများကို ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်နှင့်ပွဲတွင် မက်ဆီသည် ဂိုး ၂ ဂိုးသွင်းယူခဲ့ပြီး ထိုဂိုးများနှင့်ထိုနိုင်ပွဲကြောင့် ဘာစီလိုနာနှင့်ရီးယဲလ်တို့၏ လာလီဂါချန်ပီယံလုပွဲမှာ ရမှတ်တူနှင့်အကြိတ်အနယ်ဖြစ်လာခဲ့သည်။ (ဘာစီလိုနာက ရီးယဲလ်ထက် တစ်ပွဲပိုကစားထား)

မက်ဆီသည် ယခုနှစ်ရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲပေါင်းစုံသွင်းဂိုး ၅၁ ဂိုးအထိသွင်းယူထားပြီး လာလီဂါသွင်းဂိုး ၃၅ ဂိုးသွင်းယူထားသည်။ လာလီဂါတွင် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပြီး ၎င်း၏နောက်တွင် အသင်းဖော်ဆွာရက်ဇ်က ၂၇ ဂိုး၊ ရီးယဲလ်တိုက်စစ်မှူးစီရော်နယ်ဒိုက ဂိုး ၂၀ ဖြင့် ရပ်တည်နေသည်။

လာလီဂါတစ်လတာအကောင်းဆုံးဘောလုံးသမားဆုကို ၂၀၁၃ ခုနှစ်က စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ မက်ဆီသည် ၂၀၁၆ ဇန်နဝါရီလက ပထမအကြိမ်ဆုရခဲ့ပြီး ယခုဒုတိယအကြိမ် ဆုထပ်မံရရှိခဲ့ခြင်းဖြစ်သည်။

လာလီဂါတစ်လတာအကောင်းဆုံးကစားသမားဆုကို အများဆုံးရရှိထားသူမှာ အက်သလက်တိုက်စစ်မှူး ဂရစ်ဇ်မန်းဖြစ်ပြီး ၄ ကြိမ်ရရှိထားသည်။ စီရော်နယ်ဒိုမှာလည်း မက်ဆီနည်းတူ ၂ ကြိမ်သာရရှိထားသည်။ ဘာစီလိုနာတိုက်စစ်မှူးများဖြစ်သော နေမာနှင့်ဆွာရက်ဇ်တို့မှာ တစ်ကြိမ်စီသာ ရရှိထားကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required