တရုတ်-မြန်မာ ဆက်ဆံရေး မျက်နှာစာ အလှည့်

တရုတ်-မြန်မာ ဆက်ဆံရေး မျက်နှာစာ အလှည့်

တရုတ်နိုင်ငံ Dehong မြို့မှာ ပထမအကြိမ် တရုတ် - မြန်မာ ပညာရှင်များ ဆွေးနွေးပွဲအတွက် မြန်မာနဲ့ တရုတ်က ကိုယ်စားလှယ်တွေ လက်တလော ဆွေးနွေးနေကြပါတယ်။ တရုတ် - မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ မဇ္ဈိမမီဒီယာ၏ အယ်ဒီတာချုပ် ဦးစိုးမြင့်က ခုလို ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ ခုဆွေးနွေးပွဲကို တက်ရောက်ပါဝင်ခွင့်ရတဲ့အတွက် ပွဲစီစဉ်သူတွေကို ကျွန်တော် ကျေးဇူးတင်ကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ ခုလိုစုံညီဆွေးနွေးနိုင်တာဟာဆိုရင် တရုတ် - မြန်မာ ဆက်ဆံရေးမှာ ခေတ်သစ်တစ်ရပ်ရဲ့ အစကို မျက်မှန်းတန်းမိတာလို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ ဒီလိုစိတ်ဝင်စားစရာ ကောင်းပေမယ့်လည်း နှစ်နိုင်ငံဆက်ဆံရေးမှာ မြန်မာအတွက်ရော၊ တရုတ်နိုင်ငံအတွက်ပါ သူမသာ ကိုယ်မသာ win-win ဆက်ဆံရေး ဖြစ်ထွန်းဖို့ကို နှစ်ဖက်စလုံးက ဂရုပြု အလေးထားရမှာဖြစ်ပါတယ်။ မြန်မာဘက်က အမြင်မှာတော့ တရုတ်နိုင်ငံကို သမိုင်းတစ်လျှောက် ခံစစ်က ချည်းကပ်နေရတဲ့ ဆက်ဆံရေးကို ဖယ်ရှားပစ်နိုင်ဖို့ လိုပြီး ဆက်ဆံရေးမှာ ဖြစ်နိုင်သမျှ အကောင်းဆုံး ဘယ်လိုအသုံးချသွားမယ်ဆိုတာ ချင့်တွက်ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ အထီးကျန်ဖြစ်နေချိန်က မြန်မာနိုင်ငံရဲ့ တရုတ်အပေါ် အားထားနေခဲ့ရတဲ့ ဆယ်စုနှစ်များစွာ ဆက်ဆံရေးဟာ လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်းမှာတော့ ကွဲပြားခြားနားလာခဲ့ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၀ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ဆယ်စုနှစ်တွေမှာ တရုတ်ကို အလွန်ကျေးဇူးပြုခဲ့ရပါတယ်။ မြန်မာအစိုးရအနေနဲ့ တရုတ်ဆီက ရင်းနှီးမြုပ်နှံမှုတွေကို ခွင့်ပြုပေးခဲ့ရပါတယ်။ တစ်ဖက်သတ်အားနဲ့ ဒီဆက်ဆံရေးကြောင့် မြန်မာပြည်သူအများစုရဲ့ ဆန္ဒမပါဘဲ တရုတ်နိုင်ငံက အကျိုးစီးပွားတွေ ဖော်ဆောင်ခွင့် ရခဲ့ပါတယ်။ မြန်မာခေါင်းဆောင်တွေအတွက်ကတော့ တရုတ်အပေါ် အလွန်အကျွံမှီခိုနေရမှုအပေါ် စိုးရိမ်မှု ဒီရေမြင့်တက်နေပေမယ့်လည်း သူတို့အတွက် ရွေးချယ်ခွင့်ဘောင်က ကျဉ်းလွန်းနေခဲ့ပါတယ်။

အံ့သြစရာတော့ မဟုတ်ပါ။ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံဟာ သံတမန်အခင်းအကျင်းကို ဘက်စုံဖြန့် လုပ်ဆောင်လာနိုင်ပြီဖြစ်တာကြောင့် တရုတ်နဲ့ ဆက်ဆံရေးမှာ ရုတ်ခြည်း သိမ့်မွေ့တဲ့ အပြောင်းအလဲတွေ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၁ မှာ မြန်မာနိုင်ငံရဲ့ အမည်ခံ အရပ်သားအစိုးရ တက်လာတာနဲ့အတူ ဆက်ဆံရေးမှာ မရေရာမှုတွေ၊ တင်းမာမှုတွေ ကြီးထွားလာခဲ့တာကနေ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုစာရင်းမှာ မြန်မာနိုင်ငံဟာ သိသိသာသာ ကွဲပြားခြားနားခဲ့ရပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံဆီမှာ တရုတ်ရဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုဟာ ၂၀၁၀/၁၁ အမြင့်ဆုံးနှစ်မှာ အမေရိကန်ဒေါ်လာ ၈ ဒဿမ ၂ ဘီလီယံရှိခဲ့ရာကနေ ၂၀၁၃/၁၄ မှာ ဒေါ်လာ ၅၆ သန်းလောက်သာ ရှိတဲ့အထိကို ကျဆင်းသွားပါတယ်။

ဒါပေမယ့်လည်း တကယ့်အကြောင်းရင်းခံဟာ နာလန်မထူနိုင်အောင် ဖြစ်စေခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရင်ဆိုင်ခဲ့ရချိန် တရုတ်အပေါ် ကိုးစားအားပြုထားရတဲ့ မြန်မာဗိုလ်ချုပ်ကြီးများအတွက်က ဆင်ခြင်တုံသက်သက်သာပဲ ဖြစ်နေပါတယ်။ ပြောင်းလဲလာတဲ့ အခင်းအကျင်းသစ်မှာတော့ နေပြည်တော်နဲ့ ပေကျင်းကြား ကျိုးကြောင်းဆီလျော်ပြီး အကျိုးအမြတ်ရှိတဲ့ ဆက်ဆံရေး လိုအပ်ချက် ရှိနေပါတယ်။

တိုတိုပြောရမယ်ဆို နှစ်နိုင်ငံကြား ဆက်ဆံရေးခပ်တန်းတန်း ဖြစ်နေတဲ့ကာလဖြစ်ပေမယ့် မြန်မာနိုင်ငံတွင်းက ဖြစ်တည်နေဆဲ အပြောင်းအလဲတွေကိုလိုက်ပြီး အစိုးရနှစ်ရပ်လုံးဟာ ကိုယ်ပိုင်နိုင်ငံခြားရေး မူဝါဒတွေကို အသားကျအောင် လုပ်ဆောင်သွားထိုက်ပါတယ်။ လက်တွေ့လုပ်ဆောင်ရာမှာ ဗမာပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ တရုတ်ရဲ့ မဟာဗျူဟာအကျိုးစီးပွားတို့အတွက် ပူးတွဲတွေ့ဆုံဆွေးနွေးမှုကနေ အတူလက်တွဲလုပ်ဆောင်ဖို့ ပစ်မှတ်ထားသင့်ပါတယ်။

လက်ရှိမြန်မာအစိုးရမှာ အဓိကဦးစားပေး လုပ်ငန်းစဉ် နှစ်ရပ် ရှိပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်တွင်းစစ် ပြီးဆုံးရေးပါပဲ။ ဦးစားပေး ကဏ္ဍ နှစ်ရပ်လုံးမှာ တရုတ်က ကြီးမားတဲ့ အခန်းကဏ္ဍက ရှိနေပါတယ်။ အပြန်အလှန်စီးပွားရေးအကျိုးအမြတ်ကို ထောက်ရှုရင် မြန်မာဘက်က အမြင်မှာ လျင်မြန်စွာ စီးပွားရေးဖွံ့ဖြိုးနေတာနဲ့အတူ အကြီးစားအခြေခံအဆောက်အအုံစီမံကိန်းတွေ ဖော်ဆောင်ရာမှာ တရုတ်ရင်းနှီးမြုပ်နှံမှုက မရှိမဖြစ်ပါပဲ။ တရုတ်ဘက်ကဆိုရင်လည်း မြန်မာနိုင်ငံ တစ်လွှားက ၎င်းရဲ့ အခြေခံအဆောက်အအုံ၊ ဆက်သွယ်ရေးနဲ့ သဘာဝသယံဇာတစီမံကိန်းတွေကို ဆက်လက်ဆုပ်ကိုင်ထားလိုစိတ် ရှိထားပါတယ်။

အဓိကတရုတ်ရင်းနှီးမြုပ်နှံမှု စီမံကိန်းတွေကို ဥပမာပြရမယ်ဆို One Belt One Road ပိုးလမ်းမသစ်ကြီးစီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ကျောက်ဖြူဆိပ်ကမ်းနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ဧရာဝတီကို ကုန်စည်စီးဆင်းမှု လမ်းကြောင်းဖြစ်ရေးနဲ့ ပြဿနာများစွာရှိနေတဲ့ မြစ်ဆုံဆည်စီမံကိန်းတွေပဲဖြစ်ပါတယ်။

မြစ်ဆုံဆည်စီမံကိန်းအတွက် အပြီးသတ် ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားဆဲ ဖြစ်ပေမယ့် လက်ပံတောင်းစီမံကိန်းကိုတော့ မြန်မာနဲ့ တရုတ်ကြားက ဖော်ဆောင်ရမယ့် စီးပွားရေးဆက်ဆံရေး ခေတ်သစ်အတွက် ဥပမာတစ်ရပ်အနေနဲ့ ကျွန်တော်တို့ ရှုမြင်ထားရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ၂၀၁၄ ခုနှစ်က ဖွဲ့စည်းတဲ့ စုံစမ်းရေးကော်မရှင်ဟာ လက်ပံတောင်းစီမံကိန်းကို မြန်မာအစိုးရအတွက် အကျိုးအမြတ်ကြီးကြီးနဲ့လယ်သမားတွေအတွက် လျော်ကြေးများများ ပေးဆောင်စေပြီး ဆက်လုပ်သင့်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအတွက် ကျွန်တော်တို့ မြင်နိုင်တာက မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ လူမှုရေး စီးပွားရေးလိုအပ်ချက်နဲ့ တရုတ်ရဲ့ မဟာဗျူဟာအကျိုးစီးပွားတို့ ကိုက်ညီပြည့်မီအောင် ကြိုးစားမှုကိုပါပဲ။ လက်တွေ့မှာလည်း လက်ပံတောာင်းကြေးနီတူးဖော်တဲ့ ဝမ်ပေါင်ကုမ္ပဏီဟာ ကော်မရှင်ရဲ့ အကြံပြုချက်ကို အဓိပ္ပာယ်ပြည့်ဝပြီး အပြုသဘောဆောင်တယ်လို့ သဘောထားခဲ့ပါတယ်။

အခု ငြိမ်းချမ်းရေးကိစ္စရပ်အကြောင်း ကျွန်တော် အလှည့်ပေး ဆွေးနွေးလိုပါတယ်။ ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံဖွံ့ဖြိုးမှုနဲ့ တရုတ်မဟာဗျူဟာအကျိုးစီးပွားတို့နဲ့ အလွန်ပဲ ထွေးရောယှက်တင် ဆက်စပ်နေတာပါ။ ဒါက အမှန်ပါပဲ။ မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ရေးမှာ အဓိကသော့ချက်တွေတော်တော်များများ တရုတ် လက်မှာ ရှိနေတာပါ။ တရုတ်အပေါ် တိုးလို့မှီခိုရတဲ့ တန်ဖိုးနဲ့ပတ်သက်လို့တော့ မြန်မာနိုင်ငံအတွက် မေးခွန်းတစ်ရပ်အဖြစ် ရှိနေပါတယ်။

မြန်မာနိုင်ငံအတွက်က ငြိမ်းချမ်းရေးအလှမ်းဝေးနေစဉ်မှာ ဖွံ့ဖြိုးမှုကို ရှေ့ဆက်တိုးနိုင်မှာ မဟုတ်ပါ။ ပြောရမယ်ဆိုရင် အငြင်းပွားနေတဲ့ မြစ်ဆုံဆည်စီမံကိန်းဟာ စီးပွားရေး အခြေအတင်ကိစ္စ ရပ်သာမကဘဲ။ ကချင်ပြည်နယ်က ပဋိပက္ခတွေ ဖြေရှင်းဖို့ နည်းလမ်းရှာဖွေရာမှာလည်း ထဲထဲဝင်ဝင်သက်ဆိုင်နေတာပါ။ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ အကျိုးစီးပွား ချိတ်ဆက်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ ဒါမှမဟုတ် စစ်တပ်က သိမ်းပိုက်ထားတဲ့ လယ်ယာမြေကိစ္စရပ်တွေ စတဲ့ ထိလွယ်ရှလွယ် နိုင်ငံရေးပြဿနာတွေနဲ့အတူ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးရေးအတွက် မြန်မာအစိုးရအနေနဲ့ စဉ်းစားဖို့ လိုပါတယ်။

တရုတ်ဘက်က အနေအထားကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံတွင်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ဘက်နှစ်ဘက်လုံးနဲ့ ချိန်ခွင်လျှာကစားနေခဲ့တာဟာ နှစ်များစွာ ရှိနေပါပြီ။ ဝနဲ့ ကချင်တို့လို တိုင်းရင်းသားအတိုက်အခံအုပ်စုတွေနဲ့ ရင်းနှီးပတ်သက်မှုဟာ ထဲထဲဝင်ဝင် ရှိနေတယ်လို့ ဆိုရပါမယ်။ ဒီအဖွဲ့တွေကို ဘဏ္ဍာရေးအထောက်အပံ့တွေအပြင် လက်နက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့နေခဲ့တာလည်းဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်အကျိုးစီးပွားအတွက် နယ်စပ်တစ်လျှောက် လုံခြုံရေးနဲ့ တည်ငြိမ်ရေး ရှိစေဖို့ မျိုးနွယ်စုတင်းမာမှုတွေကို အနိမ့်ဆုံးအဆင့်မှာ ထိန်းထားတာလည်းဖြစ်ပါတယ်။ ဒါက နယ်စပ်က တရုတ်ထောက်ပံ့တဲ့ အခြေခံအဆောက်အအုံစီမံကိန်းတစ်ချို့အတွက် အရေးပါလှတာပါ။ မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခတွေဟာ တရုတ်ရဲ့ စီးပွားရေးနဲ့ မဟာဗျူဟာစီမံကိန်းတွေကို အဟန့်အတား ခြိမ်းခြောက်ရာတွေဖြစ်နေပြီး ငြိမ်းချမ်းသော စည်းလုံးသော မြန်မာနိုင်ငံဖြစ်မှ တရုတ်နယ်စပ်က အကျိုးစီးပွားတွေကို အကောင်းဆုံး ဖြစ်ထွန်းစေနိုင်မယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။

မြန်မာအစိုးရနဲ့ တိုင်းရင်းသား အုပ်စုတွေကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ထောက်ခံကြောင်း တရုတ်ရဲ့ ပြသမှုဟာ၊ ဆယ်စုနှစ်များစွာ မြန်မာ့ ပြည်တွင်းစစ်အဆုံးသတ်ရေး

လွယ်ကူချောမွေ့မှှု ရှိစေဖို့အတွက် တရုတ်နိုင်ငံက ပိုမိုပါဝင်တွန်းအားပေးနေတဲ့ လက္ခဏာ လည်းဖြစ်ပါတယ်။ ၂၀၁၆ ဇူလိုင်လအတွင်း ကချင်ပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိပ်သီးညီလာခံမှာ တရုတ်က အာရှရေးရာအထူးသံကိုယ်စားလှယ်က မိန့်ခွန်းပြောဆိုခဲ့တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းရေးအကြောင်းချင်းရာဟာ မြန်မာအစိုးရနဲ့ တရုတ်အစိုးရရဲ့ နယ်စပ်မူဝါဒလုပ်ငန်းစဉ်ပေါ်မှာပဲ ရိုးရိုးရှင်းရှင်း မှီတည်နေတာ မဟုတ်ပါ။ လက်နက်ကိုင်အုပ်စုတွေ ပူးပေါင်းလုပ်ဆောင်နေကြတဲ့ ဒေသတွင်းအကျိုးစီးပွားတွေလည်း ရှိနေတယ်ဆိုတာ ကျွန်တော်တို့ နားလည်ထားဖို့ လိုပါတယ်။ ဥပမာဆိုရရင် နယ်စပ်တစ်လျှောက်က မှောင်ခိုလုပ်ငန်းအရှုပ်အထွေးတွေပါပဲ။ ကုန်သွယ်ရေးကနေ ချမ်းသာကြွယ်ဝနေတဲ့ တိုင်းရင်းသားသူပုန်အုပ်စုတွေ၊ မြန်မာစစ်တပ်နဲ့ နှစ်နိုင်ငံ နှစ်ဖက်စလုံးက အကျင့်ပျက်အရာရှိတွေရဲ့ အကျိုးအမြတ်တွေ ပါဝင်လို့ နေတာပါ။

ဥပမာဆိုရရင် ယူနန်ပြည်နယ်က စီးပွားရေးနဲ့ နိုင်ငံရေးဟာ နယ်စပ်ကနေ အမြတ်ထွက်နေတာဖြစ်ပြီး တိုင်းရင်းသားပြည်သူ့စစ်တွေ ကြီးစိုးရာ ဒေသတွေမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုကနေ အကျိုးအမြတ်တွေ ရရှိနေပါတယ်။ တစ်ခြားတစ်ဖက်မှာ မူးယစ်ဆေးဝါးအကြီးစားထုတ်လုပ်တာနဲ့ မှောင်ခိုကူးတာတွေမှာ ပြည်သူ့စစ်တွေ တစ်ချို့တစ်ဝက်လောက် ပါဝင်နေတာကြောင့် ၎င်းတို့ကို ထိန်းနိုင်ဖို့ တရုတ်အစိုးရဟာ အားကြိုးမာန်တက် လုပ်ဆောင်နေရပါတယ်။ မကြာသေးခင်ကမှ အပြီးသတ်ခဲ့တဲ့ မြန်မာနိုင်ငံတွင်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ၊ ရေအားလျှပ်စစ်စီမံကိန်းတွေဟာ ယူနန်ပြည်နယ်နဲ့ တရုတ်ရဲ့ ကျယ်ပြန့်တဲ့ အနောက်တောင်ပိုင်းဒေသအတွက် စွမ်းအင်လုံခြုံရေး မရှိမဖြစ် အရေးကြီးတဲ့ စီမံကိန်းတွေပဲ ဖြစ်ပါတယ်။ တကယ့် အရေးကြီးဆုံးကတော့ မြန်မာနဲ့ တရုတ်နှစ်နိုင်ငံလုံးအတွက် ပြည်တွင်းအကျိုးစီးပွားရယ်၊ နိုင်ငံတကာအကျိုးစီးပွားရယ်နဲ့ ကိုက်ညီမှုရှိရေး လိုအပ်ချက်ပါပဲ။
ပွင့်လင်းမြင်သာမှုကို ပိုမိုဖော်ဆောင်တာဟာ နယ်စပ်ဒေသတည်ငြိမ်ရေးမှာ အဓိကပါဝင်သူတွေကြား ပိုမိုကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အပြုသဘောဆောင်ပါတယ်။ မြန်မာဘက်က စစ်တပ်၊ အစိုးရနဲ့ ဌာနေတိုင်းရင်းသားအုပ်စုတွေ၊ တရုတ်ဘက်က အစိုးရ၊ ယူနန်အာဏာပိုင်နဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးတွေကြား ပူးပေါင်းဆောင်ရွက်မှုအတွက် ပွင့်လင်းမြင်သာမှုက အပြုသဘောဆောင်ပါတယ်။

မြန်မာနဲ့ တရုတ် နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံတကာအကျိုးစီးပွားကို အဓိပ္ပာယ်ဖွင့်ဆိုရင်း ကျွန်တော်အနေနဲ့ မြန်မာ - တရုတ် အပြန်အလှန်ဆက်ဆံရေးရဲ့ ဝိသေသလက္ခဏာနဲ့ နေပြည်တော်နဲ့ ပေကျင်းရဲ့ အထူးနိုင်ငံခြားရေးမူဝါဒလုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးလိုပါတယ်။

မြန်မာအစိုးရအတွက် အဓိက စိန်ခေါ်နေတဲ့ နိုင်ငံခြားရေးမူဝါဒဟာ ဒေသတွင်း ပြိုင်ဆိုင်မှု ကြီးထွားနေတဲ့ တရုတ်နဲ့ အမေရိကန်ကြား မျှခြေ ဘယ်လိုထိန်းရမယ် ဆိုတာပါပဲ။ အမေရိကန်ဟာ ၎င်းရဲ့ ဦးစားပေးမဟာဗျူဟာကို မြှင့်တင်နိုင်ရေးအတွက် အင်ဒို-ပစိဖိတ်ဒေသတွင်းမှာ မိတ်ဖက်သစ် ရှာဖွေနေတာကြောင့် တရုတ်လက်လှမ်း အဝန်းအဝိုင်းထဲက တပ်မတော်ကို ဆွဲထုတ်လိုနေပါတယ်။

မြန်မာအစိုးရအတွက် အမေရိကန်နဲ့ ဆက်ဆံရေးမြှင့်တင်ခြင်းက တရုတ်နဲ့ ဆက်ဆံရေးအပေါ် ထိခိုက်စေတာမျိုး မရှိလာဖို့က အရေးကြီးပါတယ်။ တရုတ်မှာ ဒီမိုကရေစီ သွတ်သွင်းဖို့ အနောက်က အဓိကနေရာက ကစားနေတာ အမှန်ဖြစ်သလို တရုတ်ကလည်း စီးပွားရေးအကျိုးအမြတ်အတွက် အဓိကကျနေပါတယ်။

တရုတ်အစိုးရ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီခံယူချက်နဲ့ အနောက်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိနေတာကို လွန်လွန်ကဲကဲ သံသယ မထားသင့်ပါဘူး။ မြန်မာအစိုးရ အနေနဲ့လည်း နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြောက်ပိုင်းအိမ်နီးချင်းနိုင်ငံကြီးနဲ့ နယ်စပ်ကို ဖြတ်ပြီး ဖြစ်လာနိုင်တဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးအကူအညီတွေနဲ့ ပတ်သက်ပြီးတော့လည်း လွန်ကဲသတိ မပိုသင့်ပါဘူး။ မြန်မာနိုင်ငံက ကျွန်တော်တို့အနေနဲ့က မြန်မာနိုင်ငံဟာ နိုင်ငံအားလုံးနဲ့ ဖြစ်နိုင်သမျှ အကောင်းဆုံး ဆက်ဆံရေး ရှိထားသင့်တယ်လို့ သဘောထားရမှာဖြစ်ပါတယ်။ တရုတ်-မြန်မာ လက်တွဲမှုဟာ အားလုံးအတွက် အကောင်းဆုံးအကျိုးစီးပွားပါ။ အမေရိကန်အတွက်ပါ အပါအဝင်ပါပဲ။ နှစ်နိုင်ငံအကြား သတင်းအချက်အလက် ဖလှယ်ရေး ကိစ္စအပြင် ဓားပြပြဿနာ၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးအမှု စတာတွေကို ဖြေရှင်းတိုက်ဖျက်ရေးနဲ့ ပတ်သတ်တဲ့ နယ်ပယ်မှာ မြန်မာ-အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလားအလာတွေတောင် ရှိပါတယ်။

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြန်မာနဲ့ တရုတ်ကြား ပိုမိုခိုင်မာလာနိုင်ခြေရှိတဲ့ ဆက်ဆံရေး၊ ကျယ်ပြန့်တဲ့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ဆက်ဆံရေး စတာတွေနဲ့လည်း ချိတ်ဆက်ကြည့်နိုင်ပါတယ်။ မြေမြုပ်မိုင်းရှင်းလင်းတာ၊ အပစ်ရပ်စောင့်ကြည့်တာတို့လို လုပ်ငန်းစဉ်တွေမှာ ကျယ်ပြန့်တဲ့နိုင်ငံတကာအဖွဲ့အစည်းတွေက ဦးစီးဦးဆောင်ပြုနိုင်ပြီး တရုတ်နိုင်ငံအနေနဲ့လည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ကူညီ ဆောင်ရွက်စေနိုင်ဖို့ ဖြစ်ပါတယ်။

နိဂုံးချုပ်ရရင် ကျွန်တော်အတိုချုပ်ပြောလိုတာက မြန်မာ-တရုတ်ဆက်ဆံရေးမှာ win-win အခြေအနေဆိုတာ မြန်မာဘက်က မျှော်မှန်းချက်ဖြစ်ပါတယ်။ ပထမအချက်ကတော့ အမျိုးသားအချုပ်အခြာနဲ့ အကျိုးစီးပွား ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဒုတိယအချက်ကတော့ တရုတ်စီမံကိန်းနှင့် ရင်းနှီးမြုပ်နှံမှုတွေကနေ စီးပွားရေးအကျိုးအမြတ် ဖော်ဆောင်နိုင်ရေးနဲ့ တတိယအချက်ကတော့ ဒေသတွင်းနဲ့ နိုင်ငံတကာ စတာတွေနဲ့ အတူ “China Card” ဗျူဟာ ကို အသုံးချနိုင်ရေးပဲ ဖြစ်ပါတယ်။

 တရုတ်နိုင်ငံဘက်ကလည်း NLD အစိုးရဟာ ပြည်သူတွေရဲ့ ဆန္ဒကို ပိုမိုတာဝန်ယူလိမ့်မယ်ဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းသစ်ကို လက်ခံဖို့ နားလည်ရမှာဖြစ်ပါတယ်။ ဧရာဝတီမြစ်တစ်လျှောက် အဆိုပြုထားတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ ၎င်းတို့ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးအပေါ် သက်ရောက်မှုတွေကို အကဲဖြတ်ဖို့အတွက် သမ္မတ ဦးထင်ကျော်က ကော်မရှင်တစ်ရပ်ဖွဲ့စည်းထားတာကို ကြည့်ရင် သိနိုင်ပါတယ်။

 ဒါပေမယ့် တရုတ်အတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေအပေါ် ခက်ခဲတဲ့ဆုံးဖြတ်ချက်ချဖို့ မြန်မာအနေနဲ့ မျှော်လင့်မထားသင့်ဘူးလို့ မဆိုလိုပါဘူး။ နေပြည်တော်နဲ့ ပေကျင်းကြားမှာ ဆက်ဆံရေးသစ်ဖွဲ့စည်းမှုရဲ့ အရိပ်လက္ခဏာကို ကျွန်တော်တို့ မြင်တွေ့နိုင်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်အပြည်ပြည်ဆိုင်ရာ ယုံကြည်မှုနဲ့ ရင်းနှီးမြုပ်နှံမှုကုမ္ပဏီတို့ဟာ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ မြန်မာနိုင်ငံက သယ်ယူပို့ဆောင်ရေးနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးတို့အတွက် ဆွေးနွေးခဲ့ပြီးတဲ့ နောက်မှာ မြန်မာနဲ့ တရုတ်ခေါင်းဆောင်တွေကြား ကျောက်ဖြူ-ကူမင်းရေနံပိုက်လိုင်းအတွက် သဘောတူညီမှုရပြီး ဧပြီလမှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ တရုတ်နဲ့ မြန်မာကြားက အပြန်အလှန်ဆက်ဆံရေးဟာ တစ်ချို့သော စဉ်းစားချက်တွေအရ အရင်လောက် နီးကပ်နိုင်ဖွယ် မရှိပေမယ့်လည်း အနည်းဆုံးတော့ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ မိတ်ဘက်ဆက်ဆံရေးသစ်ဟာ နယ်စပ်နှစ်ဘက်ခြမ်းက ပြည်သူတွေအတွက် ပိုပြီးခိုင်မာလာ၊ ပိုပြီးအကျိုးရှိလာတာမျိုး ဖြစ်လာနိုင်ပါတယ်။

 ကျေးဇူးတင်ပါတယ်။ ကျွန်တော်အနေနဲ့ အခုအကြောင်းအရာနဲ့ ပတ်သက်ပြီး နောက်ထပ်ဆွေးနွေးပွဲတွေကိုလည်း စောင့်စားနေပြီး ကျွန်တော်တို့ နှစ်နိုင်ငံကြား ခိုင်မာပြီး အပြန်အလှန်အကျိုးရှိမယ့် ဆက်ဆံရေး ပေါ်ထွက်လာမယ့်လို့ မျှော်မှန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly