ပိုင်ဆိုင်မှုစာရင်း ထုတ်ပြန်ကြေငြာပေးဖို့ ဝန်မလေးဟု ကြံ့ခိုင်ရေးပါတီ ဆို

ပိုင်ဆိုင်မှုစာရင်း ထုတ်ပြန်ကြေငြာပေးဖို့ ဝန်မလေးဟု ကြံ့ခိုင်ရေးပါတီ ဆို

နေပြည်တော်(မေလ ၁၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှုစာရင်းကို ကြေငြာနိုင်မည်ဆိုပါက ၎င်းတို့ ပါတီ၏ ပိုင်ဆိုင်မှုစာရင်းနှင့် ဝင်ငွေရပေါက်ရလမ်းကို ထုတ်ပြန်ကြေငြာရန် အသင့်ရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

“ပြည်သူများ ယခင်တုန်းကလည်း ကျယ်ကျယ်လောင်လောင် အော်ခဲ့ကြတဲ့ အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ ပိုင်ဆိုင်မှုတွေကိုကော ထုတ်ပြန်ကြေငြာနိုင်တဲ့အဆင့် ရှိပြီလား။ အဲ့ဒီလို ရှိခဲ့ပြီဆိုရင်တော့ ကျွန်တော်တို့ဘက်ကလည်း ထုတ်ပြန်ပေးဖို့ ဝန်လေးမှာ မဟုတ်ပါဘူး” ဟု မေလ ၁၂ရက်က နေပြည်တော်ရှိ ပါတီဌာနချုပ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပါတီ၏ ဗဟိုအတွင်းရေးမှူးတစ်ဦးဖြစ်သူ ဦးတင်အောင်ချစ်က ပြောသည်။

ယခင် အစိုးရလက်ထက် ဝန်ကြီးချုပ်ဟောင်း တချို့၏ ငွေကြေးသုံးစွဲမှုများနှင့်ပတ်သက်၍လည်း ပါတီနှင့် သက်ဆိုင်ခြင်း လုံးဝမရှိဟု ဆိုသည်။

“ပါတီဌာနချုပ်အနေနဲ့ အဲ့ဒီ ဝန်ကြီးချုပ်တွေကို ဘာလုပ်ရမယ်၊ ဘာလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက် လုံးဝ မရှိပါဘူး။ ဆက်စပ်မှုလည်း မရှိပါဘူး။ ပါတီကိစ္စအလို့ငှာ ပါတီဝင်အင်အား တိုးပွားရေး၊ ပါတီစည်းရုံးရေးကိစ္စ အလို့ငှာက လွဲလို့ရှိရင် ကျန်တဲ့ ဒေသအတွင်း စီးပွားရေး၊ ဘဏ္ဍာငွေရရှိရေး တစ်ခုမှ ညွှန်ကြားခဲ့ခြင်း မရှိပါဘူး” ဟု ပါတီ၏ ဗဟိုကော်မတီဝင် ဦးလှသိန်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပါတီအနေဖြင့် လိုက်လံဖြေရှင်းရန် တာဝန်မရှိဘဲ ထိုစဉ်က ဝန်ကြီးချုပ်များအနေဖြင့် လုပ်နည်း၊ လုပ်ဟန် လွဲမှားမှုရှိခဲ့ပါကလည်း ၎င်းတို့ကိုယ်တိုင်သာ တာဝန်ခံဖြေရှင်းသွားရမည်ဟု ဦးလှသိန်းက ဆိုသည်။

ပြီးခဲ့သည့် အစိုးရလက်ထက် မကွေးတိုင်းရှိ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းများမှ ရရှိသော ဒေသဖွံ့ဖြိုးရေးရံပုံငွေ ကျပ် ၇ဒဿမ ၄၅၉ ဘီလီယံခန့် ပျောက်ဆုံးနေမှုအပေါ် မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေအပါအဝင် သက်ဆိုင်သူများကို အကြောင်းကြားကာ ဆက်လက်ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတရုံးက မကွေးတိုင်းအစိုးရကို ညွှန်ကြားထားသည်။

ဦးဘုန်းမော်ရွှေအနေဖြင့် အဆိုပါ ဒေသဖွံ့ဖြိုးရေးရံပုံငွေများအနက် ကျပ်သိန်း ၈ထောင်အား လက်ရှိ မကွေးတိုင်းအစိုးရထံ မေလ ၄ရန်နှင့် ၅ရက်တို့တွင် ပေးသွင်းခဲ့သည်။

လက်ရှိတွင်လည်း ယခင် ဧရာဝတီတိုင်းအစိုးရအဖွဲ့က လက်ရှိအစိုးရအား ဒေသဖွံ့ဖြိုးရေးရံပုံငွေ လွှဲပြောင်းပေးအပ်ရန် ပျက်ကွက်ခဲ့မှုကို စိစစ်ဖော်ထုတ်လျက်ရှိနေသည်။ ယခင် ဧရာဝတီတိုင်းအစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်းကမူ ၎င်းတို့အနေဖြင့် မဟုတ်တာ လုပ်ခဲ့ခြင်းမရှိဟု ပြောဆိုထားသည်။

“အစိုးရနဲ့ ပါတီနဲ့ ရှင်းရှင်းလင်းလင်း နေခဲ့တဲ့အတွက်ကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်ကစလို့ လိုက်ခံဖြေရှင်းစရာလည်း မလိုပါဘူး။ လိုက်လံဖြေရှင်းပေးဖို့လည်း တာဝန်မရှိပါဘူး။ သက်ဆိုင်ရာ ဆောင်ရွက်သွားတဲ့ ကာယကံရှင်များကသာ ဒါကို ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု အထက်ပါကိစ္စများနှင့်ပတ်သက်ပြီး ဦးလှသိန်းက ပြောဆိုသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required