တရုတ်နိုင်ငံ ပေကျင်းမြို့မှာ လာမယ့် မေလ ၁၄၊ ၁၅ ရက်နေ့တွေမှာ ကျင်းပဖို့ ရှိနေတဲ့ Belt and Road ဖိုရမ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ဧပြီလက သူမရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အာဏာရလာပြီးနောက်ပိုင်း ယခု တရုတ်ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ဒုတိယမြောက် သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်လာမှာ ဖြစ်ပါတယ်။
ပိုးလမ်းမကြီး စီးပွားရေး ရပ်ဝန်းနဲ့ ၂၁ ရာစု ရေကြောင်း ပိုးလမ်းမကြီးတို့ရဲ့ လမ်းကြောင်းတွေပေါ်မှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံဟာ တရုတ်တို့ရဲ့ ယင်း Belt and Road စီမံကိန်းမှာတော့ ပေကျင်းအစိုးရရဲ့ အဓိက ပါတနာအဖြစ် ရှိနေတယ်လို့ သိရပါတယ်။
တရုတ်အစိုးရရဲ့ ပိုးလမ်းမသစ် စီမံကိန်းမှာတော့ ကုန်သွယ်မှုနဲ့ အခြေခံအဆောက်အအုံ ကွန်ရက်တွေကို အာရှဒေသနဲ့ ဥရောပ၊ အာဖရိကဒေသတွေကို ချိတ်ဆက်ဆက်သွယ်ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။