မန်းရွှေစက်တော် ပွဲတော်ပြင်ပကာလတွင် လေလံစနစ်ဖြင့် လုပ်ငန်း ၂ ခု လုပ်ကိုင်ခွင့်ပေးခဲ့

မန်းရွှေစက်တော် ပွဲတော်ပြင်ပကာလတွင် လေလံစနစ်ဖြင့် လုပ်ငန်း ၂ ခု လုပ်ကိုင်ခွင့်ပေးခဲ့

မင်းဘူး၊ မေ ၁၂ ။           ။ မင်းဘူူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရား ပွဲတော်ပြင်ပကာလ ဓာတ်ပုံလုပ်ငန်းနှင့် ရေအိမ်သာလုပ်ငန်း ၂ ခုတို့အား လေလံစနစ်ဖြင့် လုပ်ကိုင်ခွင့် ပေးခဲ့ကြောင်း သိရသည်။

မေလ ၁၁ ရက်က မင်းဘူးမြို့ရှိ  မန်းရွှေစက်တော်ဂေါပကရုံးတွင် ပွဲတော် ပြင်ပကာလ ဓာတ်ပုံလုပ်ငန်းနှင့် ရေအိမ်သာ လုပ်ငန်းတို့ကို လေလံပေးခဲ့ရာ ပြင်ပကာလ ဓာတ်ပုံလုပ်ငန်းအား ပွင့်ဖြူမြို့နယ်မှ ဦးတင့်ဝေက ကျပ်သိန်း ၉၀ ဖြင့် လည်းကောင်း၊ ရေအိမ်သာလုပ်ငန်းအား ငဖဲမြို့နယ်မှ ဦးရွှေဂဲက ကျပ် ၂၅ သိန်းဖြင့် လုပ်ပိုင်ခွင့်ရရှိသွားကြောင်း ဂေါပကအဖွဲ့ထံက သိရသည်။

"ပွဲတော်ပြင်ပကာလ လေလံပေးတာ (၃)မျိုးရှိပါတယ်။ ဓာတ်ပုံလုပ်ငန်း၊ ရေအိမ်သာလုပ်ငန်းနဲ့ နဂါးစာလုပ်ငန်းတို့ ဖြစ်ပါတယ်။ အခု(၂)မျိုးကို ကျပ်သိန်း ၁၁၅သိန်း ရပါတယ် ။ မနှစ်က ၂ ခုပေါင်း ကျပ် သိန်း (၂၀)ကျော်သာ ရခဲ့တာပါ။ နဂါးစာကတော့ လိုအပ်မှုအရ ထပ်ပြီး လေလံပေးသွားပါ့မယ်"ဟု ရွှေစက်တော်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးသိန်းလှိုင်က မဇ္ဈိမသို့ ပြောသည်။

"ယခင်က နီးစပ်ရာကို ပေးခဲ့တော့  နှစ်ခုပေါင်း သိန်းနှစ်ဆယ်ကျော်ခန့်သာ ပေးသွင်းကြရပါတယ် ။ ဒီနှစ် အရပ်သား ဂေါပကလက်ထက်မှာ ပွင့်လင်းမြင်သာစွာနဲ့ လေလံပေးတော့ ဘုရားကြီးရဲ့ ဘဏ္ဍာငွေ ပိုရတာပေါ့၊ လုပ်ငန်းရှင်တွေကလည်း အခုလို ပွင့်လင်းလာတာကို ကြိုဆိုကြပါတယ်"ဟု ဓာတ်ပုံလုပ်ငန်းရှင် ကိုသိန်းထွေးက ပြောသည်။

မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ရာထူးအား  ၄ လ  တစ်ကြိမ် မင်းဘူး ၊ စကု ၊ ငဖဲမြို့များမှ အလှည့်ကျစနစ်ဖြင့် တာဝန်ယူရကြောင်း ပထမ(၄)လ မင်းဘူးအလှည့်ပြီး၍ ယခုငဖဲမြို့နယ်၏ အလှည့်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly