အင်းဝအပ်ချုပ်ဆိုင်မှ ရသော ဒဏ်ရာများဖြစ်ကြောင်း သက်သေမပြနိုင်ဟု လျှောက်လဲချက်တင်သွင်း

အင်းဝအပ်ချုပ်ဆိုင်မှ ရသော ဒဏ်ရာများဖြစ်ကြောင်း သက်သေမပြနိုင်ဟု လျှောက်လဲချက်တင်သွင်း

ရန်ကုန်၊ မေလ ၁၁ ။          ။ အိမ်အကူမိန်းကလေးငယ်နှစ်ဦး နှိပ်စက်ခံခဲ့ရသည့် အင်းဝအပ်ချုပ်ဆိုင်အမှုအတွက် ယနေ့ မေလ ၁၁ ရက်၊ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ နှစ်ဖက်ရှေ့နေများက   လျှောက်လဲချက်တင်သွင်းခဲ့ကြရာ အင်းဝအပ်ချုပ်ဆိုင်မှ ရသော ဒဏ်ရာများဖြစ်ကြောင်း သက်သေမပြနိုင်ဟု လျှောက်လဲချက်တွင် ပါဝင်ခဲ့သည်။

တရားလိုပြ သက်သေများ အား စစ်ဆေးပြီးဖြစ်၍ စွဲချက်တင်၊ မတင်နှင့် ပတ်သက်ပြီး နှစ်ဖက်ရှေ့နေများက ယနေ့ လျှောက်လဲချက် တင်သွင်းခဲ့ကြခြင်း ဖြစ်သည်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာအပါအဝင် သုံးဦးဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော် ရှေ့နေ ဦးသန်းမြင့်က နှိပ်စက်ခံခဲ့ရသည့် မစန်းကေခိုင်နှင့် မသဇင်တို့ ရရှိခဲ့သော ဒဏ်ရာများမှာ ယင်းအပ်ချုပ်ဆိုင်ရောက်မှ ရရှိခဲ့သည့်ဒဏ်ရာများဖြစ်ကြောင်း တိကျသော သက်သေ မပြနိုင်သည့်အချက်၊ သက်သေခံ သိမ်းဆည်းထားသော ဓါး၊ ကတ်ကြေးလက်နက်များကို ဓာတုဗေဒဖြင့် စစ်ဆေးခဲ့ခြင်း မရှိသည့် အချက်နှင့် အိမ်အကူမိန်းကလေးငယ်များကို အိမ်ဖော်အလုပ်မှ လွဲ၍ မနိုင်ဝန်ခိုင်းစေခြင်း မရှိဟု စသည့်အချက်များကို လျှောက်လဲချက် တင်ခဲ့ခြင်းဖြစ်သည်။

“ ဒီအမှုတွေနဲ့ပတ်သက်ပြီးတော့ ဘယ်တရားခံကို ဘယ်ပုဒ်မနဲ့အရေးယူမယ်။ စွဲချက်တင်မလား။ စွဲချက်မတင်ဘဲ လွှတ်မလားဆိုတာနဲ့ ပတ်သက်ပြီးတော့ တရားခံတွေရဲ့အကျိုးဆောင်တွေက   လျှောက်လဲချက်ပေးရတယ်။ အခုလာမယ့် ၂၅ရက်နေ့မှာ ဘယ်အမှုမှာ ဘယ်တရားခံကိုလွှတ်မလဲ၊ ဘယ်အမှုမှာ စွဲချက်တင်မလဲဆိုတာ တရားသူကြီးရဲ့ဆင်ခြင်တုံတရားပဲ ဖြစ်တယ်။ ဒီဘက်ကတော့ ဥပဒေအကိုးအကားနဲ့ အကုန်ထောက်ပြထားတယ်”ဟု အင်းဝအပ်ချုပ်ဆိုင်ဘက်မှ လိုက်ပါဆောင်ရွက်နေ့သည့် တရားလွှတ်တော် ရှေ့နေ ဦးသန်းမြင့်က ပြောသည်။

ကလေးသူငယ်ဥပဒေဖြင့် စွဲဆိုထားသော်လည်း  အိမ်အကူမိန်းကလေးငယ်များမှာ မွေးစာရင်း၊ သန်းခေါင်စာရင်း၊ ကျောင်းဝင်နံပါတ်များအား ပြည့်စုံအောင် မတင်ပြနိုင်သည့်အချက်ကို အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာအပါအဝင်သုံးဦးဘက်မှ လျှောက်လဲချက်တွင် တင်သွင်းခဲ့သည်။

လူကုန်ကူးမှုဖြင့်စွဲခံထားခြင်းအတွက်လည်း အင်းဝအပ်ချုပ်ဆိုင်မိသားစုမှာ အပ်ချုပ်လုပ်ငန်း တစ်ခုတည်းကိုသာ လုပ်ကိုင်ကြောင်း တရားလိုပြသက်သေများက ထွက်ဆိုခဲ့သည့် အချက်နှင့် လူကုန်ကူးရန် လူသူစု ဆောင်းခြင်းများမရှိသည့် အချက်များကိုလည်း လျှောက်လဲချက် ပေးသွင်းရာတွင် ထည့်သွင်းခဲ့ကြောင်း တရား လွှတ်တော်ရှေ့နေ ဦးသန်းမြင့်ကဆိုသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး စွဲချက်တင်၊ မတင်ကို တရားသူကြီးက အမိန့်ချမှတ်ရန် လာမည့် မေလ ၂၅ ရက်နေ့ကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် ထပ်မံရုံးချိန်းလိုက်သည်။

ဒေါ်တင်သူဇာပါ(၆) ဦးကို အင်းဝအပ်ချုပ်ဆိုင်အမှုနှင့် ပတ်သက်၍ ဒုရဲမှူးမျိုးသိန်းက လူကုန်ကူးမှုဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဒေါ်အေးနော်ဝင်းက ဒေါ်တင်သူဇာပါ(၄)ယောက်တို့ကို ကလေးသူငယ်ဥပဒေဖြင့် ထပ်မံတရားစွဲဆိုခဲ့ကာ ဒုရဲမှူးတိုးမြို့ က ဒေါ်တင်သူဇာပါ (၆)ယောက်တို့ကို နာကျင်စေမှုတို့ဖြင့် အသီးသီး တရားစွဲဆိုထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required