ဒီနေ့ဖြစ်နေတဲ့ခံစားချက်က ရူးချင်နေတယ်လို့ဆိုတဲ့ ရုပ်ရှင်သရုပ်ဆောင် ရွှေသမီး

ဒီနေ့ဖြစ်နေတဲ့ခံစားချက်က ရူးချင်နေတယ်လို့ဆိုတဲ့ ရုပ်ရှင်သရုပ်ဆောင် ရွှေသမီး

အနုပညာပျိုးခင်းထဲက မင်းသမီးသုံးယောက်ထဲက တစ်ယောက်၊ မကြာခင်မှာ ထူးခြားတဲ့ ကာရိုက်တာ မနုစာရီ အဖြစ်နဲ့ တွေ့မြင်ရတော့မယ့်သူ၊ သူမကတော့  သရုပ်ဆောင် ရွှေသမီးပါ။ ပရိသတ်မျှော်လင့်ထားတဲ့ မနုစာရီအဖြစ်နဲ့ သူမကို တွေ့မြင်ရမှာလား။  အခုဆိုလို့ရှိရင် သရုပ်ဆောင် ရွှေသမီးကို တွေ့ဆုံဖို့အတွက် သူရှိတဲ့ ရှူတင်နေရာကို ရောက်ရှိနေပါပြီ။ 

ရွှေသမီး မင်္ဂလာပါ။

ဟုတ်ကဲ့ မင်္ဂလာပါရှင့်။

ဟုတ်ကဲ့ပါ။ ပထမမေးခွန်းက ဆရာမင်းသိင်္ခ ဝတ္ထု 'မနုစာရီ' မှာ ညီမလေး သရုပ်ဆောင်ရမယ်ဆိုတော့ ပရိသတ်တွေကပေါ့ ဆရာမင်းသိင်္ခပရိသတ်တွေက မနုစာရီအတိုင်း ညီမလေး ဖြစ်ပါ့မလားဆိုပြီးတော့ စိုးရိမ်ကြတယ်။ အဲဒီအတွက်ရော ညီမလေး ဇာတ်ကောင်အတိုင်းရှိဖို့ ညီမလေး ဘယ်လောက်ထိ ရှိမလဲ။ အခြေအနေ။

အခြေအနေကတော့ ဘယ်လိုပြောမလဲ ကာရိုက်တာတစ်ခုအပေါ်မှာတော့ အကောင်းဆုံးတော့ ကြိုးစားရမှာပေါ့နော်။ အံဝင်ခွင်ကျ ဖြစ်ဖို့ဆိုတာကတော့ အရမ်းခက်တယ်ပေါ့။ ဘယ်လိုပြောမလဲ ကိုယ်မဟုတ်တဲ့ လူတစ်ယောက်ရဲ့ နာမည်ရော စိတ်ရော လုပ်ရမှာဖြစ်တဲ့အတွက် အမူအရာတိုင်း လုပ်ရမှာဖြစ်တဲ့အတွက် တော်တော်လေးတော့ ခက်တယ်ပေါ့။ ပရိသတ်တွေစိုးရိမ်တာလည်း မှန်ပါတယ်။ ဒါက မြန်မာတစ်နိုင်ငံလုံး အရမ်းကို ကြိုက်နှစ်သက်ခဲ့ရတဲ့ ဝတ္ထုပေါ့နော်။ ဆရာကြီး မင်းသိင်္ခရဲ့ဝတ္ထု အကျော်ကြားဆုံး ဝတ္ထုဖြစ်တဲ့အတွက် ပရိသတ်တွေက စိုးရိမ်ကြတယ်ပေါ့နော်။ ပရိသတ်တွေစိုးရိမ်သလိုပဲ ညီမကိုယ်တိုင်လည်း စိုးရိမ်တယ်ပေါ့နော်။ ဒါပေမယ့် ကာရိုက်တာတစ်ခုအပေါ်မှာတော့ အကောင်းဆုံးဖြစ်အောင်တော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမှာပေါ့။

ဟုတ်ကဲ့ပါရှင့်။ ဒါကတော့ နံပါတ် (၂) မေးခွန်းပေါ့နော်။ မိသားစုဝင်တွေထဲကပေါ့ နောက်ဆုံးရခဲ့တဲ့ လက်ဆောင်က ဘယ်သူ့ဆီကဖြစ်မလဲ။ ပြီးတော့ အဲဒါက ဘာဖြစ်မလဲ။

အဲဒီလက်ဆောင်က ဘာလဲဆိုတော့ အဖေ့ဆီကပေါ့နော်။ အခုလက်ရှိ မိသားစုထဲက နောက်ဆုံးရခဲ့တဲ့ လက်ဆောင်ပေါ့နော်။ မိသားစုဝင်ထဲကဆိုတော့ အဖေပေါ့။ စကားလက်ဆောင်လေးပါ။ ''ဘယ်သူ့ကိုမှ မယုံပါနဲ့တဲ့ ကိုယ့်ဒူးကိုယ်တောင် မယုံပါနဲ့တဲ့" အဲဒီစကားလေးကတော့ အမြဲတမ်း ကိုယ့်အတွက် မှတ်မှတ်ရရနဲ့ အရမ်းကို မှတ်သားစရာကောင်းတဲ့ စကားလေးပေါ့နော်။ ဘယ်လိုပြောမလဲ အလုပ်တွေ ပိုပိုလုပ်လာရလေလေ လူတွေအကြောင်းလည်း ပိုသိလာရလေ အဲဒီစကားလေးလည်း ပိုမှန်လာလေပေါ့။ အဲဒါလေးက အရမ်းမှန်တယ်။ ကိုယ့်အတွက် ဒါ အဖိုးဖြတ်မရနိုင်တဲ့ လက်ဆောင်လေးနဲ့ ကိုယ့်ဘဝမှာ တန်ဖိုးအထားရဆုံး အရာလို့ ပြောရမှာပေါ့။

ဟုတ်ကဲ့ပါ ဒါကတော့ နံပါတ် (၃) မေးခွန်းပါ။ ရွှေသမီး ဒီနေ့ဖြစ်နေတဲ့ ခံစားချက်က ဘယ်လိုရှိမလဲ။

ဒီနေ့ဖြစ်နေတဲ့ ခံစားချက်က ရူးချင်နေတယ်။

ဘာဖြစ်လို့လဲ။

နေတွေအရမ်းပူနေလို့။ နေပူထဲမှာ ရှူတင်ဆိုတော့ တော်တော်လေးလည်းဆိုးတယ်။ အခု အင်တာဗျူးဖြေနေရင်းနဲ့တောင် ချွေးတွေအရမ်းကျနေတယ်။ ရူးချင်နေပါတယ်လို့။ ဒီနေ့ရဲ့ အပြောအများဆုံးကလည်း နေမြင့်လေ အရူးရင့်လေ ဆိုတော့။

ဟုတ်ကဲ့ရှင့်။ ဒါကတော့ နံပါတ် (၄) မေးခွန်းပါ။ ဒီအနုပညာရှင်ဘဝမတိုင်မီမှာ ရွှေသမီးဘဝမှာ အပျော်ရွှင်ရဆုံး အမှတ်တရဖြစ်ခဲ့တဲ့ အချိန်တစ်ချိန် ရှိမယ်ဆိုရင် ဘယ်အချိန်လေးဖြစ်မလဲ။

အပျော်ရွှင်ရဆုံး အမှတ်တရအချိန်ဆိုရင်တော့ ၇ တန်းနှစ်ပေါ့။ ၇ တန်းနှစ်မှာ အရမ်းပျော်တယ်ပေါ့နော်။ အဖြူနဲ့အစိမ်း တက်နေရတဲ့အချိန်လေးပေါ့နော်။ ညီမတို့ကို ဒါ ကျောင်းကလည်းနီးတယ် သူငယ်ချင်းတွေနဲ့လည်း မိုးရွာရင် မိုးရေထဲမှာဆော့ နေပူရင်လည်း ဆော့ကြ အဲဒီအချိန်လေးတွေပေါ့နော်။ သူငယ်ချင်းတွေ စည်းစည်းလုံးလုံးလေး အဲဒီလိုမျိုးရှိတဲ့အချိန်လေးပေါ့ သူငယ်ချင်းတွေအများကြီးရှိတဲ့အချိန် အဲဒီအချိန်လေးကို အရမ်းလည်းသတိရတယ် ပျော်လည်းပျော်တယ်။ ဒီအနုပညာအလုပ် မလုပ်ခင် ဒါ ညီမရဲ့ Right Style ဆိုရင်တော့ အဲဒီ ကျောင်းတက်နေရတဲ့အချိန်လေးကို အရမ်းသတိရတယ်။

ဟုတ်ကဲ့ပါရှင့်။ ဒါကတော့ နောက်ဆုံးမေးခွန်းပါရှင့်။ တကယ်လို့ အနုပညာပျိုးခင်းကသာ ညီမလေးကို မရွေးချယ်ခဲ့ဘူးဆိုရင် အခုချိန်မှာ ရွှေသမီးက ဘာဖြစ်နေမလဲ ဘာလုပ်နေမလဲ။

ဘာဖြစ်နေမလဲ၊ ဘာလုပ်နေမလဲဆိုတော့ ဒီ သရုပ်ဆောင်အနုပညာအလုပ်တွေပဲ ဆက်လုပ်ဖြစ်နေမယ် ပိုပြီးလဲ ဒီပုံစံအတိုင်းလေးပဲ ကြိုးစားပြီးတော့မှ လုပ်ဖြစ်နေမယ် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က ဒီ သရုပ်ဆောင် အနုပညာဘက်ကို ဝါသနာပါလို့ ဒါ ဆုံးဖြတ်ပြီးတဲ့အချိန်မှာ ဘယ်တော့မှ နောက်ကိုလည်း လှည့်ပြီးတော့မှ ပြန်မှာမဟုတ်ဘူး။ စိတ်ဓာတ်လည်း ကျမှမဟုတ်ဘူး။ မရွေးခဲ့ဘူးဆိုရင်လည်း ဒီအလုပ်တွေကိုပဲ ဆက်ပြီးတော့ လုပ်နေဦးမယ်။ ဒါ ဒီသရုပ်ဆောင်အနုပညာကိုပဲ ဒီပညာကိုပဲ လေ့လာဆည်းပူးပြီးတော့မှ ဒီအလုပ်တွေကိုပဲ လုပ်သွားမှာပါ။

ဟုတ်ကဲ့ပါရှင့်။ အခုလို YOPE ရဲ့ မေးခွန်း (၅) ခုကို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ရွှေသမီးကို အများကြီး ကျေးဇူးတင်ပါတယ်။

ညီမကလည်း ကျေးဇူးအများကြီး တင်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required