ရီးယဲလ်မက်ဒရစ်ကစားသမားများ၏ အားထုတ်မှုကို ထူးခြားဆန်းကျယ်မှုအဖြစ် နည်းပြဇီဒန်းချီးကျူး

ရီးယဲလ်မက်ဒရစ်ကစားသမားများ၏ အားထုတ်မှုကို ထူးခြားဆန်းကျယ်မှုအဖြစ် နည်းပြဇီဒန်းချီးကျူး

မေ ၁၁၊ မက်ဒရစ်။         ။ ရီးယဲလ်မက်ဒရစ်ကစားသမားများ၏ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အားထုတ်မှုကို ထူးခြားဆန်းကျယ်မှုအဖြစ် နည်းပြဇီဒန်းက ချီးကျူး ပြောဆိုလိုက်သည်။

ရီးယဲလ်အသင်းသည် အက်သလက်တီကိုမက်ဒရစ်ကို ၂-၁ ဂိုးဖြင့်အရေးနိမ့်ခဲ့သည့်တိုင် နှစ်ကျော့ပေါင်း ၄-၂ ဂိုးဖြင့် ဗိုလ်လုပွဲသို့ တက်နိုင်ခဲ့ပြီး ဂျူဗင်တပ် အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ပွဲအပြီးတွင် ဇီဒန်းက “ကျွန်တော်တို့ အခက်တွေ့မယ်လို့ သိထားပြီးသားပါ။ အထူးသဖြင့် အစပိုင်းမှာပေါ့။ သူတို့ ပွဲဦးထွက် အရမ်းကောင်းခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အခွင့်အရေးတွေဖန်တီးနိုင်မယ်လို့ သိထားပြီးဖြစ်လို့ မစိုးရိမ်ခဲ့ပါဘူး။

ဖိုင်နယ်ကိုနှစ်နှစ်ဆက်တက်နိုင်ခဲ့လို့ ဝမ်းသာပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့တဲ့ အဓိပ္ပါယ်ပါ။ ကစားသမား တွေဟာ ထူးခြားဆန်းကျယ်မှုကိုလုပ်ခဲ့ကြတယ်။

သူတို့ဟာ တစ်စုတစ်စည်းတည်း အတူတကွ ပြေးလွှားတယ်၊ ရင်ဆိုင်တယ်၊ အလုပ်လုပ်တယ်၊ ဒုက္ခအတူခံကြတယ်။ ပြီးတော့ အကောင်းဆုံးပေးဆပ်ကြတယ်”ဟု ပြောသည်။

အက်သလက်တီကိုအသင်း၏ အိမ်ကွင်းတွင်ကစားခဲ့သော ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်တွင် အက်သလက်တီကိုအတွက် ဂိုးများကို ပွဲချိန် ၁၂ မိနစ်တွင် ဆောလ်ကလည်းကောင်း၊ ၁၆ မိနစ်တွင် ဂရစ်ဇ်မန်းက ပင်နယ်တီမှလည်းကောင်း သွင်းယူခဲ့ပြီး ရီးယဲလ်အတွက်ချေပဂိုးကို အစ္စကိုက ပွဲချိန် ၄၂ မိနစ်၌ သွင်းယူခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required