ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေးအတွက် ဗ.က.သကျောင်းသားတစ်ဦး ဆန္ဒပြတောင်းဆို

ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေးအတွက် ဗ.က.သကျောင်းသားတစ်ဦး ဆန္ဒပြတောင်းဆို

ပြည်၊ မေ ၁၀ ။              ။ မေလ ၉ရက်က ထောင်ဒဏ် ၄လ အမိန့်ချမှတ်ခံရသည့် စစ်ကိုင်းပညာရေးကောလိပ်မှ ကျောင်းသားတစ်ဦးအပါအဝင် ကျောင်းသား၄ ဦး လွတ်မြောက်ရေးအတွက် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် မေလ ၁၀ရက်က ဗကသ ကျောင်းသားတစ်ဦး တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့သည်။

“မတရားဖမ်းဆီးခံထားရတဲ့ ကျနော်တို့ ကျောင်းသားရဲဘော်တွေ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် ဆန္ဒဖော်ထုတ်တာပါ”ဟု ဆန္ဒပြသူ ကိုသူရအောင်က ဆိုသည်။

ညနေ ၄နာရီခွဲအချိန်က ကြို့ပင်ကောက်မြို့နေ ဗ.က.သ ကျောင်းသား ကိုသူရအောင်သည် ပြည်မြို့၊ တပ်လမ်းမှ ဗိုလ်ချုပ်ကျောက်ရုပ်သို့ ချီတက်ခဲ့ပြီး ဗိုလ်ချုပ်ကျောက်ရုပ်အဝိုင်းပတ်တွင် ဆန္ဒပြခဲ့သည်။

ထို့မှတဆင့် ပြည်မြို့ ဗိုလ်ချုပ်လမ်း၊  မြောက်စောင်းတန်းလမ်း စသည့်မြိုတွင်းလမ်းများအတိုင်း မူလစတင်သည့်နေရာ တပ်လမ်းသို့ပြန်လည်ထွက်ခွာခဲ့ပြီး ဆန္ဒဖော်ထုတ်မှုကိုရပ်နားခဲ့သည်။

စစ်ကိုင်းပညာရေးကောလိပ်မှ ကျောင်းသား/သူများကို ကျောင်းအာဏာပိုင်များက ဖိနှိပ်အုပ်ချုပ်မှုများရှိနေသည်ဟုဆိုကာ ဧပြီလ ၂၆ရက်က မန္တလေးမြို့၊ အထက်မြန်မာပြည်၊ အဆင့်မြင့် ပညာဦးစီးဌာနရှေ့၌ ဆန္ဒပြခဲ့သည့် ကျောင်းသားများကို အစိုးရက ဖမ်းဆီးကာ မေလ ၉ရက်က ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

“ကျတော်တို့ ဒီမိုကရေစီပညာရေး ၁၁ ချက် တောင်းဆိုထားတာ ဦးသိန်းစိန်အစိုးရလက်ထက်ကနေပြီးတော့ အခုအချိန်အထိ မရသေးပါဘူး။ ဒီနေ့အထိ ကျနော်တို့ကျောင်းသားတွေက သပိတ်မှောက်ထားဆဲပါ”ဟုလည်း ၎င်းက ဆိုသည်။

ဆန္ဒဖော်ထုတ်ရာလမ်းတစ်လျောက်တွင် မတရားဖမ်းဆီးထောင်ချခံရသော ကျောင်းသားများလွတ်မြောက်ရေး ဒို့အရေး”ဟူသော ကြွေးကြော်သံကို ကြွေးကြော်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required