"ရေထွက်ပစ္စည်းစျေးကွက်တွင် ပုစွန်မွေးမြူ ရေးကဏ္ဍအရေးပါလျက်ရှိ" သားဖောက်လုပ်ငန်းအောင်မြင်ဖို့လို

"ရေထွက်ပစ္စည်းစျေးကွက်တွင် ပုစွန်မွေးမြူ ရေးကဏ္ဍအရေးပါလျက်ရှိ" သားဖောက်လုပ်ငန်းအောင်မြင်ဖို့လို

ပြည်တွင်း ရေချိုပုစွန်မွေးမြူရေးလုပ်ငန်းအတွင်းမှာ အောင်မြင်ဖြစ်ထွန်းဖို့ ခက်ခဲမှုတွေ ရှိနေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ရေထွက်ပစ္စည်း ပြည်ပတင်ပို့ကဏ္ဍမြှင့်တင်ဖို့ ဈေးကွက်နဲ့ ဈေးကောင်းရရှိတဲ့ ပုစွန်မွေးမြူထုတ်လုပ်ရေးတိုးတက်ဖို့ လိုအပ်နေတာကြောင့် တစ်ဘက်မှာလည်း အဓိကကျတဲ့ ပုစွန်သားဖောက်လုပ်ငန်း အဆင်ပြေချောမွေ့ဖို့  အရေးကြီးနေပါတယ်။

မြန်မာနိုင်ငံပုစွန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ထွန်းမြင့်က "မွေးမြူရေးလုပ်ငန်းမှာကြတော့ အဓိကကျတဲ့ သားပေါက်ထုတ်လုပ်တဲ့ လုပ်ငန်းပေါ့။ မွေးပြီဆို ကျွန်တော်တို့က သားပေါက်ရှိရမယ် သားပေါက်မရှိရင် ကျွန်တော်တို့ မမွေးနိုင်ဘူး။ သားပေါက်ထုတ်လုပ်တဲ့ လုပ်ငန်းလည်း ကျဆင်းနေတယ်။" ဟု အခြေအနေကို ရှင်းပြပါတယ်။

အသင်းရဲ့ မှတ်တမ်းတွေအရ ပြည်တွင်းပုစွန်သားဖောက်လုပ်ငန်းက ၂၀၁၀ ခုနှစ်ဝန်းကျင်ကစပြီး ကျဆင်းလာခဲ့တယ်လို့ သိရပါတယ်။ ရေချိုပုစွန်အနေနဲ့ မြန်မာပြည်မှာ သဘာဝကရရှိတဲ့ နည်းလမ်းနဲ့ သဘာဝကရရှိတာကို မျိုးအဖြစ် သားဖောက် မွေးမြူထူထောင်ခြင်းဆိုပြီး ၂ မျိုးရှိတာဖြစ်ပါတယ်။ဒါပေမယ့် လွန်ခဲ့တဲ့ ၅ နှစ်ဝန်းကျင်အတွင်းမှာ ဒီနည်းလမ်း ၂ မျိုးကနေရေချိုပုစွန်ရရှိမှု   လျှော့ကျလာတယ်လို့   မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် - အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က "မြန်မာပြည်မှာက ရေချိုပုစွန်ကနည်းလမ်းနှစ်ခုနဲ့ ရတယ်။ တစ်ခုက သဘာဝကရတာ။ ပထမဆုံးသဘာဝကရတယ်၊   နောက်ဒီသဘာဝကဟာကိုမျိုးအဖြစ် ဖောက်ပြီးတောမွေးမြူရေးထူထောင်နိုင်တဲ့ အခါကြတော့ နှစ်ခုစလုံးကရတယ်။ အခုဟာကထူထူခြားခြားလွန်ခဲတဲ့ လေးငါးနှစ်လောက်ကစပြီး သဘာဝမှာလည်း အရင်လောက်မရတော့ဘူး မွေးမြူရေးကအောင်မြင်ပြီး အစားထိုးနိုင်မလားဆိုတော့ မွေးမြူရေးစခန်းမှာလဲ လာပြဿနာတက်တဲ့ အခါကြတော့.." လို့ ရှင်းပြပါတယ်။

လက်ရှိအချိန်မှာတော့ ပုစွန်မွေးမြူသူတွေအနေနဲ့ ပုစွန်သားပေါက်တွေကို ပြည်ပနိုင်ငံတွေကနေတင်သွင်းပြီး မွေးမြူနေရတာဖြစ်ပါတယ်။

"လောလောဆယ်တော့ တချို့ကို ပြည်ပကနေပြီးတော့ ပြန်သွင်းပြီးတော့ မွေးနေကြတာတွေလည်းရှိကြပါတယ်။ တကယ်တမ်းကြတော့ ဒီကမိခင်မျိုးရင်ပေါ့ ရီစရာတော့ ရီစရာကြီး ဖြစ်နေတာပေါ့လေအမှန်ကတော့ မိခင်မျိုးရင်းကဗမာပါပဲ ဗမာပြည်ကမျိုးပုစွန်တွေကိုယူပြီးတော့ ဖောက်ကြတယ် ရေငန်ပုစွန် ဘက်လက်တိုက်ဂါးဆိုလည်း ယူဖောက်ကြတယ် ဗမာပြည်မှာ ကြွယ်ဝတယ်။"ဟု ဦးသန်းဝင်းအောင်ကဆက်ပြောသည်။

အခုအချိန်ထိတော့ ပုစွန်သားပေါက် လုပ်ငန်းမအောင်မြင်ရတဲ့ အကြောင်းအရင်းတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။ ပုစွန်သားဖောက်လုပ်ငန်းအနေနဲ့လည်း အရင်ကသားဖောက်ရုံ ၂၇ ရုံရှိခဲ့ပြီး လက်ရှိအချိန်မှာ ၁၀ ရုံအောက်သာ သားဖောက်လုပ်ငန်းလုပ်ကိုင်တော့တယ်လို့ သိရပါတယ်။

"မျိုးပုစွန်လိုတဲ့ အပိုင်းမှာ ကျွန်တော်တို့တွေ ဗမာပြည်မှာကလက်ရှိကဘယ်စနစ်ကိုသုံးနေလဲဆိုတော့ သဘာဝမှာရှိနေတဲ့ ဥကပ်တဲ့ မျိုးပုစွန်မကိုယူပြီးတော့ ကျွန်တော်တို့တွေကဖောက်တယ်၊ တကယ်တန်းတော့ နိုင်ငံတကာမှာကြတော့ အဲလိုမဖောက်တော့ဘဲနဲ့ ဒီဖောက်မယ့် မျိုးပုစွန်ကို သေသေချာချာမွေးမြူပြီးတော့ ပြုစုပျိုးထောင်ပြီးမှ ဥကပ်လာမှ ဖောက်တယ်။" မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ဆိုပါတယ်။

မြန်မာနိုင်ငံကထွက်ရှိလာတဲ့ပုစွန်တွေကို ဈေးကောင်းပေးတဲ့ ဥရောပ၊ အမေရိကန်၊ ဂျပန်နိုင်ငံတွေကို အဓိကထားတင်ပို့နေရတာပါ။ အဲလိုတင်ပိုတဲ့ အထဲမှာတော့ မွေးမြူမှုကရရှိတဲ့ ပုစွန်ထက် သဘာဝကဖမ်းဆီးရမိတဲ့ ပုစွန်ကိုသာ အဓိကထားတင်ပို့ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်အထိ ပုစွန်မွေးကန် ဧက ၂၂၀,၀၀၀ကျော်ရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ ပုစွန်မွေးမြူရေကန်က အဲဒိအရေအတွက်ရဲ့ ထက်ဝက်အောက်သာမွေးမြူနေတယ်လို့   မြန်မာနိင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ကနေ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly