မန်ယူမှာ မိုဗစ်နဲ့ပေါ့ဂ်ဘာတို့ လစာငွေ ဘယ်လောက်ရနေကြသလဲ

မန်ယူမှာ မိုဗစ်နဲ့ပေါ့ဂ်ဘာတို့ လစာငွေ ဘယ်လောက်ရနေကြသလဲ

မေ ၉၊ အင်္ဂလန် ။            ။ မန်ယူအသင်းမှာ အီဗရာဟီမိုဗစ်နဲ့ပေါ့ဂ်ဘာတို့ လစာငွေဘယ်လောက်အထိ ရရှိနေကြတယ်ဆိုတာကို ဘယ်သူမှ အတိအကျမသိကြပါဘူး။ အခုတော့ ဒါကို သူတို့နှစ်ဦးရဲ့အေးဂျင့် ရွိုင်အိုလာက ဖွင့်ချလိုက်ပါပြီ။

ရွိုင်အိုလာဟာ ဂျာမနီမှာ ထုတ်ဝေတဲ့ The Dirty Business of Football စာအုပ်မှာ ဒီအကြောင်းကို ဖွင့်ချခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုဗစ်ဟာ မန်ယူမှာ တစ်ပတ်လစာငွေ ပေါင် ၃၆၇,၆၄၀ ရရှိနေပါတယ်။ သူ့အနေနဲ့ဒီရာသီမှာ လေးပွဲနဲ့အထက် ပွဲထွက်ကစားနိုင်ခဲ့တယ်ဆိုရင် စာချုပ်သစ်ချုပ်ဆိုမယ်ဆိုတဲ့ သဘောတူညီချက်လည်း သူတို့ရဲ့စာချုပ်မှာ ပါဝင်ပါတယ်။

မိုဗစ်ဟာ ဒီရာသီမှာ လေးပွဲနဲ့အထက်ပွဲထွက်ခဲ့ရုံသာမက ပြိုင်ပွဲပေါင်းစုံမှာ ၂၈ ဂိုးအထိသွင်းယူပြီး ခြေစွမ်းပြခဲ့သူပါ။

ပေါ့ဂ်ဘာကတော့ မန်ယူမှာ တစ်ပတ်လစာငွေ ၁၆၅,၅၈၈ ပေါင် ရရှိနေပါတယ်။ လာမယ့်ရာသီကစလို့ တစ်နှစ်ကို အပိုဆုကြေးငွေ ပေါင် ၃.၄ သန်းရရှိမှာပါ။ ဒါ့အပြင် မန်ယူအသင်းအနေနဲ့ ယူရိုပါလိဂ်ဖလားကိုသာ ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ပေါ့ဂ်ဘာရဲ့လစာငွေက ပေါင် ၃၆၀,၀၀၀ အထိ တိုးမြင့်သွားမှာ ဖြစ်ပါတယ်။ ဒါတွေအပြင် ပေါ့ဂ်ဘာဟာ မန်ယူအသင်းရဲ့ကြော်ငြာတွေမှာ ပါဝင်ခဲ့ရမှုအတွက် တစ်နှစ်ကို ပေါင် နှစ်သိန်းခွဲ ထပ်မံရရှိဦးမှာ ဖြစ်ပါတယ်။

အေးဂျင့်ရွိုင်အိုလာဟာ ပေါ့ဂ်ဘာကို ဂျူဗင်တပ်စ်ကနေ မန်ယူအသင်းဆီ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့လို့ လုပ်ငန်းဆောင်ရွက်ခအဖြစ် ပေါင် ၄၁ သန်းအထိရရှိခဲ့တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူအသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ဘူးဆိုရင် ရုပ်သံဝင်ငွေ ပေါင် ၆၅ သန်းဆုံးရှုံးမှာဖြစ်ပြီး adidas နဲ့ချုပ်ဆိုထားတဲ့ ပေါင်သန်း ၇၅၀ တန် စာချုပ်ကနေလည်း ပေါင်သန်း ၂၀ ထပ်မံဆုံးရှုံးရဦးမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required