စစ်ကိုင်းပညာရေးကောလိပ်မှ ကျောင်းသားလေးဦးကို ထောင်ဒဏ် ၄လ အမိန့်ချ

စစ်ကိုင်းပညာရေးကောလိပ်မှ ကျောင်းသားလေးဦးကို ထောင်ဒဏ် ၄လ အမိန့်ချ
စစ်ကိုင်းပညာရေးကောလိပ်တွင် ဖိနှိပ်အုပ်ချုပ်မှုနှင့်ပတ်သက်၍ ဆန္ဒပြခဲ့သည့် ကျောင်းသား နှစ်ဦးနှင့် ဝန်းရံသူကျောင်းသား နှစ်ဦးကို ၂၀၁၇ ခုနှစ်မေလ ၉ ရက် နံနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံတရားရုံးတွင် အပြီးသတ်အမိန့်ချရန်ရုံးထုတ်လာစဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ)

မန္တလေး၊ မေ ၉ ။            ။ စစ်ကိုင်းပညာရေးကောလိပ်တွင် ဖိနှိပ်အုပ်ချုပ်မှုနှင့်ပတ်သက်၍ ဆန္ဒပြခဲ့သည့် ကျောင်းသား နှစ်ဦးနှင့် ဝန်းရံသူကျောင်းသား နှစ်ဦးကို ၂၀၁၇ ခုနှစ် မေလ ၉ ရက် နံနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံတရားရုံးတွင် အပြီးသတ်အမိန့်ချလိုက်ပြီဖြစ်သည်။

အမိန့်ချရာတွင်ကျောင်းသားများမှ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေလက်အောက်ရှိ ဥပဒေကို အယုံအကြည်မရှိကြောင်း ကြွေးကြော်မှုများပြုလုပ်ခဲ့ရာ ရဲများမှ အင်အားသုံးကာ   ပြန်လည်ခေါ်ဆောင်ခြင်းများ   ပြုလုပ်ခဲ့သည်။

ကျောင်းသား ၄ ဦးလုံးကို ပုဒ်မ ၁၉ အတွက် ထောင်ဒဏ် ၃ လနှင့် တရားရုံးအတွင်းသပိတ်မှောက်မှု၊ ကြွေးကြော်မှုများပြုလုပ်သည်ကို တရားရုံး မထီမဲ့မြင်ပြုသည်ဟုဆိုကာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၈၀(၁)ထဲမှ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၂၈ အရ ထောင်ဒဏ် ၁ လ စုစုပေါင်း ထောင်ဒဏ် ၄ လချမှတ်ခဲ့သည်။

စစ်ကိုင်းပညာရေးကောလိပ်တွင် ဖိနှိပ်အုပ်ချုပ်မှုနှင့်ပတ်သက်၍ ဆန္ဒပြမှုတွင် ကျောင်းသားနှစ်ဦးသာ ဆန္ဒခဲ့သော်လည်း ဝန်းရံကျောင်းသားနှစ်ဦးပါ ဖမ်းဆီးထောင်ချ အရေးယူခြင်းအပေါ် မန္တလေး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားများက ဝေဖန်ပြောဆိုလျက်ရှိသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ အဖွဲ့ဝင် နှင်းအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကောင်းဇော်ဟိန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ   ကျောင်းသားသမဂအဖွဲ့ဝင် ရဲမျိုးဆွေ၊ စစ်ကိုင်းပညာရေးကော်လိပ် ကျောင်းသားသမဂ ဥက္ကဌ ဇော်ရဲထွဋ်တို့အား ဆန္ဒဖော်ထုတ်မှုအတွက် မန္တလေးမြို့ ချမ်းအေးသာစံတရားရုံးတွင် ငြိမ်ချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ(၁၉)ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ပြီး (၂၀၁၇)ခုနှစ် မေ(၉)ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းပညာရေးကောလိပ်တွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသားများကို ကျောင်းအာဏာပိုင်များက ဖိနှိပ်အုပ်ချုပ်မှုများရှိနေသည်ဟုဆိုကာ ဧပြီလ ၂၆ ရက်၊ နံနက် ၁၀ နာရီက မန္တလေးမြို့၊ အထက်မြန်မာပြည်၊ အဆင့်မြင့်ပညာဦးစီးဌာနရှေ့၌ ကျောင်းသားအချို့ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required