မြန်မာ့ဘောလုံးအကယ်ဒမီ(မန္တလေး)တွင် (၁၁)နှစ်အရွယ် လူငယ်ဘောလုံးကစားသမားများကို ဂျပန်ဘောလုံးနည်းပြကိုယ်တိုင် လေ့ကျင့်သင်ကြားပေးမည်

မြန်မာ့ဘောလုံးအကယ်ဒမီ(မန္တလေး)တွင် (၁၁)နှစ်အရွယ် လူငယ်ဘောလုံးကစားသမားများကို ဂျပန်ဘောလုံးနည်းပြကိုယ်တိုင် လေ့ကျင့်သင်ကြားပေးမည်

မန္တလေး၊ မေ ၈ ။              ။ မြန်မာ့ဘောလုံးအကယ်ဒမီ (မန္တလေး)၌ (၂၀၁၇-၂၀၁၈)ပညာသင်နှစ်တွင် သင်ကြားပေးရန် လူငယ်ဘောလုံးကစားသမား (၃၀)ဦးကို မေလ ၇ရက် နှင့် ၈ရက်တို့တွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် (၇၃)လမ်း၊ မန္တလာသီရိဘောလုံးကွင်းအနီးရှိ အဆိုပါ ကျောင်းတွင် ရွေးချယ်ခဲ့သည်။

လူငယ်ဘောလုံးကစားသမား ရွေးချယ်ရာတွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့ပေါင်း(၅၅)မြို့မှ ကစားသမား(၂၀၀၀)နီးပါး လာရောက် အရွေးချယ်ခံခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့မှ အများဆုံး လာရောက် ရွေးချယ်ခံခဲ့သည်။

''ယောကျာၤးလေးတိုင်းက ဘောလုံးကန်ကြတယ်၊ ဒါပေမယ့် အဲဒီဘောလုံးကစားတဲ့ လူတွေထဲက ဘောလုံးကို ဘယ်လိုကန်မယ်၊ ဘယ်လိုကစားမယ်စတဲ့ ဘောလုံးနဲ့ပတ်သတ်တဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ ဗဟုသုတ၊ အတွေ့အကြုံ၊ အသိအမြင်တွေကို အဓိကထား ရွေးချယ်မှာပါ'' ဟု မြန်မာ့ဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းအုပ်ကြီး ဦးစိုးညွန့်က ပြောသည်။

အဆိုပါ ကစားသမားများထဲမှာ မြန်မာ့ဘောလုံးအကယ်ဒမီ(ရန်ကုန်)၌ (၁၅)ဦး၊ မြန်မာ့ဘောလုံးအကယ်ဒမီ (မန္တလေး)၌ (၃၀)ဦး၊ မြန်မာ့ဘောလုံးအကယ်ဒမီ (ပုသိမ်)၌ (၃၀)ဦး စုစုပေါင်း လူငယ်ဘောလုံးကစားသမား (၇၅)ဦးကို ရွေးချယ်သင်ကြားပေးသွားမည်ဖြစ်သည်။

''ဒီနှစ် ထူးခြားချက်က ဂျပန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကနေပြီးတော့ ဂျပန်ဘောလုံး နည်းပြတစ်ဦးကို ကျွန်တော်တို့ ကျောင်းမှာ ထားမယ်၊ ထားပြီးတော့ ဒီကလေးတွေအတွက် သင်ကြားပေးသွားမည်၊ ကျွန်တော်တို့ကျောင်းအပြင် အခါအားလျော်စွာ ရန်ကုန် နဲ့ ပုသိမ်ကျောင်းတွေကိုလည်း သွားရောက်ကြည့်ရှုသင်ပြပေးသွားမှာဖြစ်ပါတယ်'' ဟု မြန်မာ့ဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းအုပ်ကြီး ဦးစိုးညွန့်က ပြောသည်။

မြန်မာ့အကယ်ဒမီ (မန္တလေး)တွင် AFC မှ ABC လိုင်စင်ရထားသည့် နည်းပြ (၁၁)ဦးဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ယခုနှစ် ပညာသင်နှစ်တွင် ဂျပန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဂျပန်ဘောလုံး နည်းပြတစ်ဦး ကိုယ်တိုင် စနစ်တကျ လာရောက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required